ရေတာရှည် ၁၄ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာချောင်းတောင်ဘက်ခြမ်းရှိ ဆွာမင်းလမ်း-တံတားကြီး ကျေးရွာ ချင်းဆက် ကျောက်ရော မြေသားလမ်းသည် ၁ မိုင် ၂ ဖာလုံအရှည်လျားပြီး လွန်ခဲ့သော ဇွန်လ နောက်ဆုံးပတ်မှစတင်ကာ ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ခဲ့ကြသည်။
လမ်းပြီးစီးသွားသည်မှာ နှစ်လခန့်သာရှိသေးပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သွားလာ၍မရတော့ လောက်အောင်ပင် ပျက်စီးကုန်သဖြင့် ခရီးသွားလာရေးမှာ များစွာအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း တံတားကြီးကျေးရွာနေ ဒေသခံများကပြောကြားသည်။
“ကျွန်တော်တို့ရွာက အနောက်ဘက်မှာရထားလမ်း၊ တောင်ဘက်မှာက ဆည်မြောင်း၊ မြောက်ဘက်မှာက ဆွာချောင်းဆိုတော့ ဒီလမ်းအတိုင်းထွက်ချင်ထွက် ဒါမှမဟုတ်ရင် ရေနီးရွာဘက်ကနေပတ်ထွက်မှ ဆွာကိုရောက်တာ။ ဆွာဆည်တမံကျိုးပေါက်တုန်းကလည်း ရထားလမ်းအတိုင်းပြေးကြတော့ မလွတ်တဲ့သူတွေ ရေနောက်ပါလို့သေရတာလဲရှိတယ်။ လမ်းလေးရလို့ ဝမ်းသာမိပါတယ်။ ခုတော့ပျက်ကုန်လို့ အခက်အခဲတွေအများကြီးဖြစ်နေပြီ” ဟု တံတားကြီးကျေးရွာနေ ဒေသခံ တစ်ဦးကပြောသည်။
အဆိုပါလမ်းပိုင်းအား ရေတာရှည်မြို့နယ် ကျေးလက်လမ်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မင်းမဟာကျော်ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ကျပ် ၅၈.၁၂၀ သန်းဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ကိုလွင်(ဆွာ)


