မလှိုင် ၂၄ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် နှောကန်တိုက်နယ် ညောင်အုပ်အုပ်စု ချင်းလျားအနောက်ရွာ ဆားတောင်ဆည် အနောက်ဘက်ကမ်းရှိ ဗောဓိသစ္စာ ဘုန်းတော်ကြီးကျောင်းသို့ လာရောက်သည့် ခရီးသည်များ စက်လှေတိမ်းမှောက်၍ ခရီးသည် ၂၄ ဦးအနက် ၈ ဦးသေ ၆ ဦး ပျောက်ဆုံးလျက် ရှိနေသေးကြောင်း နှောကန်နယ်မြေရဲစခန်းမှ ကနဦးသတင်းအရ သိရသည်။
မြစ်သားမြို့နယ် အိမ်ရှေ့တောင်အုပ်စု ဟောင်းနွဲ့ကျေးရွာမှ ဦးနန်းလွင်(၄၀)နှစ် ဦးဆောင်သည့် ကျေးရွာသူကျေးရွာသား ကျား ၁၂ ဦး မ ၁၂ ဦး စုစုပေါင်း ၂၄ ဦး တို့သည် ကုသိုလ်ပြုရန် လာရောက်ခဲ့ပြီး ယနေ့ နံနက် ၉ နာရီအချိန်တွင် ဆားတောင်ကျေးရွာနေ ကျော်ဝင်းလှိုင် ၁၈ နှစ် မောင်းနှင်သည့် အလျားပေ ၂၀၊ အနံ ၅ ပေခန့်ရှိ ကူဘိုတာ အမျိုးအစား ကြိုးဆွဲအင်ဂျင်တပ် စက်လှေဖြင့် ဆားတောင်ဆည်အတွင်း ဖြတ်ကူးစဉ် စက်လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ စက်လှေ တိမ်မှောက်မှုကြောင့် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦး အသက်ရှင်လျက်ရှိပြီး အမျိုးသား ၁ ဦး အမျိုးသမီး ၇ ဦး သေဆုံးလျက် တွေ့ရှိရကြောင်းနှင့် ကျန်ရှိသည့် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း နှောကန်နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်အေးမင်းထံမှ သိရသည်။
စက်လှေမောင်း ကျော်ဝင်းလှိုင်မှာ အသက်ရှင်လျက်ရှိပြီး ပျောက်ဆုံးသူများ ဆက်လက်ရှာဖွေလျက်ရှိကာ အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဘိုဘို(မလှိုင်)