နေပြည်တော် ၁၈ ဇွန်


(၁၀၈)ကြိမ် မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မြို့၊ ကုလသမဂ္ဂအဆောက်အအုံ၌ ဇွန် ၁၀ရက် မှ ၂၁ရက်ထိ ကျင်းပလျက်ရှိရာ  ပြည်‌ထောင်စု ဝန်ကြီး ဦးသိန်းဆွေနှင့်အဖွဲ့သည် ဇွန် ၁၂ ရက်တွင် ညီလာခံအစည်းအဝေးသို့ တက်ရောက်ခဲ့ သည်။


ILO ရုံးချုပ်၌ ဇွန် ၁၃ ရက် နံနက်ပိုင်းက  ကျင်းပသည့် Committee on the Application of Standards အစည်းအဝေးတွင် Forced Labour Convention, 1930(No.29) လိုက်နာကျင့်သုံး မှုနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ဆောင်ရွက်ထားရှိမှုအခြေအနေကို ပြည်ထောင်စုဝန်ကြီးနှင့် ဂျီနီဗာရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အလုပ်ရှင်ကိုယ်စား လှယ်နှင့် အလုပ်သမားကိုယ်စားလှယ်တို့က ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။


ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၁၇ရက် နံနက်ပိုင်းတွင် ညီလာခံစုံညီ အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာ ILO သည် ရာစုနှစ်တစ်ခုကြာ အရှည်တည်တံ့ပြီး စဉ်ဆက် မပြတ် အစဉ်ဖွံ့ဖြိုးတိုးတက်စေရန် စံနမူနာပြ စနစ်တကျလည်ပတ်ဆောင်ရွက်နိုင်မှု၊ ကမ္ဘာတစ် ဝှမ်းလွှမ်းခြုံနိုင်မှု၊ ကဏ္ဍစုံတွင် ပါဝင်ဆောင်ရွက်နိုင်မှုစသော သွင်ပြင်လက္ခဏာများကို ထိန်းသိမ်း ထားနိုင်သည့် တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်၍ ILO ကိုဦးဆောင်ဉီးရွက်ပြုနေသော ညွှန်ကြား ရေးမှူးချုပ် Mr.Guy Ryder အပါအဝင် ILO ကိုစတင်သန္ဓေတည်ခဲ့သူများ၊ တာဝန်ထမ်းဆောင်ခဲ့ သည့် ညွှန်ကြားရေးမှူးချုပ်များနှင့် ဟန်ချက်ညီစွာ ပါဝင်ဆောင်ရွက်နေကြသည့် အလုပ်ရှင်၊ အလုပ်သမား၊အစိုးရကိုယ်စားလှယ်များ အားလုံးကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုပါကြောင်း။


ILO အဖွဲ့ဝင် နိုင်ငံများမှကျွမ်းကျင်ပညာရှင်များပါဝင်သော Global Commission on Future of Work ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ရာပြည့်နှစ်အထိမ်းအမှတ် သမိုင်းဝင် အစီရင်ခံစာ Work for a Brighter Future ထုတ်ပြန်နိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ အဖွဲ့ဝင်နိုင်ငံတိုင်းက မိမိတို့နိုင်ငံ အခြေအနေပေါ်မူတည်၍ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ရန် ကော်မရှင်က တိုက်တွန်းထားကြောင်း၊ မြန်မာနိုင်ငံအနေနှင့် အလုပ်သမားများ အပါအဝင် နိုင်ငံသားအားလုံး၏ လူမှုစီးပွားဘဝတိုးတက်လာစေရန်နှင့် Future of Work ၏ ရည်မှန်းချက် ဖြစ်သည့် သုံးပွင့်ဆိုင် ဆွေးနွေးခြင်း ယဉ်ကျေးမှုတိုးတက်လာစေရန် ဦးစားပေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နေကြောင်း၊ ဥပဒေ၊ နည်းဥပဒေများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာစံများနှင့်အညီ ဖြစ်ပေါ်လာစေရန်၊ လူမှုရေးဆွေးနွေးမှုစည်းမျဉ်းစည်းကမ်း များအပေါ် အခြေခံသည့် အလုပ်သမားဥပဒေ မူဘောင်ပေါ်ပေါက်လာစေရန်၊ ဥပဒေလိုက်နာ ကျင့်သုံးမှုမြှင့်တင်ပြီး အလုပ်သမားရေးရာဥပဒေပြု ပြင်ပြောင်းလဲရေးနှင့် လုပ်ငန်းခွင် ဆက်ဆံရေးအတွက် သုံးပွင့်ဆိုင်အဖွဲ့ဝင်များ၏ စွမ်းဆောင် ရည်နှင့်ယုံကြည်မှုတည်ဆောက် နိုင်ရေး Myanmar Labour Market Governance Programme ရေးဆွဲဆောင်ရွက်လျက်နေ ကြောင်း၊ အလုပ်သမားများ၏အခွင့်အရေးများကို အကာအကွယ်ပေး ရန် တည်ဆဲအလုပ်သမား ဥပဒေများဖြင့် စည်းကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အနည်းဆုံးအခ ကြေးငွေကိုအလုပ်သမား နှင့်မိသားစုများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်နှင့် အလုပ်သမားများ လုပ်ငန်းစွမ်း ဆောင်ရည်မြှင့်တင်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရေးရည်ရွယ်၍ ဒုတိယအကြိမ် ပြင်ဆင်တိုးမြှင့် သတ်မှတ်နိုင်ခဲ့ကြောင်း၊  ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှု တိုးတက်လာ စေရန် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲခြင်းဆိုင်ရာအမျိုးသား အဆင့် (၅) နှစ် စီမံကိန်း (၂၀၁၈-၂၀၂၂) ကို စနစ်တကျရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ အသစ်ကို ၂၀၁၉ ခုနှစ်၊ မတ်လတွင် ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း။

 

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုလိုအပ်ချက်များ၊ လျှင်မြန်စွာပြောင်းလဲနေသောနည်းပညာ အသစ်များနှင့် သဟဇာတဖြစ်စေရန် မြန်မာနိုင်ငံအမျိုးသားအဆင့် အရည်အသွေးမူဘောင်ကို အပြီးသတ်ရေးဆွဲနေပြီး National Skills Standard Authority (NSSA) က အလုပ်သမားများ ကျွမ်းကျင်မှုမြှင့်တင်ရေးဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း။


သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်ဌာနေအစီအစဉ် (DWCP) (၂၀၁၈-၂၀၂၁) ကို အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် ILO တို့ ၂၀၁၈ခုနှစ်စက်တင်ဘာ (၂၁) ရက်တွင် MoU လက်မှတ်ရေးထိုး၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ILO၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် အကူအညီပေးမှုများအတွက် ကျေးဇူးတင်ကြောင်း၊ 

 

ကလေးအလုပ်သမားပပျောက်ရေးအတွက်မြန်မာနိုင်ငံ၏ကတိအဝတ်ပြုမှုကိုပြသမှုအဖြစ် ILO ၏အဓိကပြဌာန်းချက်များအနက် တစ်ခုဖြစ်သောအနိမ့်ဆုံး အသက်သတ်မှတ်ခြင်းဆိုင်ရာ ပြဌာန်းချက်အမှတ်- ၁၃၈ လက်ခံကျင့်သုံးနိုင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီနည်းကျရွေးချယ်ခံအရပ်သားအစိုးရအနေဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသို့ကူးပြောင်းနေကြောင်း၊ ဒီမိုကရေစီအခြေတည်စ မြန်မာနိုင်ငံအနေဖြင့် ထိတ်လန့် တုန်လှုပ်ဖွယ်ရာစိန်ခေါ်မှုများစွာကိုရင်ဆိုင်ကြုံတွေ့နေရကြောင်း၊မည်သို့ပင်ဖြစ်စေအဓမ္မခိုင်းစေမှု ပပျောက်ရေးဆောင်ရွက်ချက်များအပါအဝင်အဆိုပါစိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန်မဆုတ်မနစ် ဆောင်ရွက်နေကြောင်း၊


ILOအဖွဲ့ဝင်နိုင်ငံဖြစ်သောမြန်မာနိုင်ငံအနေဖြင့် ILO၊ အခြားအဖွဲ့ဝင်နိုင်ငံများနှင့်ဆက်လက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Future of Work ထိရောက်စွာ အ‌ကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ILO အပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များ၊ ဖွံ့ဖြိုးပြီးနိုင်ငံများက မြန်မာနိုင်ငံကို နည်းပညာအကူအညီသာမက လိုအပ်သည့် အကူအညီ များပါ အတတ်နိုင်ဆုံးပံ့ပိုးကူညီပေးစေလိုကြောင်း" ပြောကြားခဲ့သည်။

 


သတင်းစဉ်