ဂျီနီဗာ၊ ၂၃ ဒီဇင်ဘာ
ဆွစ်ဇာလန်နိုင်ငံသည် ၎င်း၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ယနေ့မှ စတင်ပြုလုပ်ခဲ့ရာ ဘိုးဘွားရိပ်သာ၌ နေထိုင်သောအသက် ၉၀ အရွယ် အဘွားအိုတစ်ဦးအနေဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမဦးဆုံး အထိုးခံရသူတစ်ဦးဖြစ်လာခဲ့ကြောင်း အေအက်ဖ်ပီသတင်းအရ သိရသည်။
ဆွစ်ဇာလန်နိုင်ငံ အလယ်ပိုင်းလူဆာနီဒေသ၌ နေထိုင်သော အဆိုပါ အဘွားအိုသည် အစိုးရတာဝန်ရှိသူများက Pfizer-BioNTech ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား အသုံးပြုရန် အတည်ပြုထောက်ခံခဲ့ပြီးနောက် လေးရက်ခန့်အကြာတွင် ယင်းကာကွယ်ဆေးထိုးနှံမှုကို ပထမဦးဆုံးအဖြစ် လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဒေသဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုအကြီးအကဲ ကွီဒိုဂရာ့ဖ်က လူဆာနီဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု စတင်နိုင်ခဲ့သည့်အတွက် အလွန်ပင်ကျေနပ်အားရမိပါကြောင်း ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။
ဤကာကွယ်ဆေးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် အရေးကြီးသော အခရာတစ်ခုပင် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ဆွစ်ဇာလန်နိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခြင်းမရှိသော ဥရောပသမဂ္ဂသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ယခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ စတင်ရန် စီစဉ်ထားကြောင်း သိရသည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ