ဘားအံ ၁၁ ဇန်နဝါရီ

 

ယခင်နှစ် အောက်တိုဘာလမှစ၍ မိုးရွာသွန်းမှု နည်းပါးခြင်း၊ မုတ်သုံစောထွက်ခြင်း၊ မြစ်ရေ၊ ချောင်းရေ ရေမှတ်များ ကျဆင်းခြင်း၊ ဆဒ္ဒန်ဂူ အင်း ပတ်ဝန်းကျင်ဒေသများတွင် စိုက်ပျိုးထားရှိသော မရင်း(နွေစပါး)အောင်ရေ အခက်အခဲဖြစ်၍ ဂူအတွင်းမှ ရေများကို စပါးခင်းအတွင်းသို့ ရေစုပ်စက်ကြီးများဖြင့် သွယ်ယူအသုံးပြုခြင်းတို့ကြောင့် ခရီးသွားပြည်သူများ နေ့စဉ် ဝင်ထွက်သွားလာ လျက်ရှိသော အထင်ကရနေရာတစ်ခုဖြစ်သည့် ဆဒ္ဒန်ဂူ အင်းတွင် ရေများခန်းခြောက်၍ ငါးအချို့ သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။


ရေပြင်အနှံ့ပက်ဖျန်းပေး


ဆဒ္ဒန်ဂူအင်းအတွင်း ငါးများဆက်လက် အသက်ရှင်သန်နိုင်ရေးအတွက် လက်ကျန်ရေများကို စပါးအောင်ရေအတွက် သုံးစွဲခြင်းမပြုတော့ဘဲ ဆက်လက်ထိန်းသိမ်း၍ ထိုရေများသန့်စင်စေရန် ဇန်နဝါရီ ၈ ရက်တွင် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒိုလိုမိုက်အား ရေဖြင့်ဖျော်၍ ရေပြင် အနှံ့ပက်ဖျန်းပေးခဲ့သည်။


ဟန်ချက်ညီညီထိန်းညှိပေး


ထိုသို့ပက်ဖျန်းပေးခြင်းကြောင့် ရေအရည်အသွေး မြင့်လာခြင်း၊ ရေဩဇာကို ဟန်ချက်ညီညီ ထိန်းညှိပေးနိုင်ခြင်း စသည့်အားသာချက်များရရှိကာ ငါးများဆက်လက် အသက်ရှင်သန်ရေး အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)