ရီဟာ့ဒ် ဩဂုတ် ၂၃

ဆော်ဒီအာရေဗျအစိုးရသည် အမေရိကန်နိုင်ငံထုတ် Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက် ၁၂ နှစ်နှင့် ၁၇ နှစ်အကြား ဆယ်ကျော်သက်များအား ထိုးနှံပေးရန် အတည်ပြုလိုက်ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ယနေ့ဖော်ပြထားသည်။

Moderna ဆေးဝါးကုမ္ပဏီက ၎င်းထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အဆိုပါ အသက်အုပ်စုအတွက် အတည်ပြုရန် ဆော်ဒီအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအာဏာပိုင် အဖွဲ့ထံသို့ လျှောက်ထားခဲ့ပြီးနောက် အစိုးရအနေဖြင့် ယခုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကာကွယ်ဆေးအပေါ်လေ့လာမှုများ၊ ကာကွယ်ဆေး၏ ဘေးကင်းလုံခြုံမှုနှင့် ထိရောက်မှုအပါအဝင် အထူးလိုအပ်ချက်များပြည့်မီသည့် အထောက်အထားကို Moderna ဆေးဝါးကုမ္ပဏီက ဆော်ဒီ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အာဏာပိုင်အဖွဲ့သို့ ပေးပို့ခဲ့ကြောင်း သတင်းအေဂျင်စီက ဖော်ပြသည်။ Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ ထိရောက်မှုသည် ဆယ်ကျော်သက် အရွယ်များအတွက် များစွာအကျိုးရှိကြောင်း ကာကွယ်ဆေးအပေါ် လေ့လာတွေ့ရှိချက်များအရ သိရသည်။

ဆော်ဒီအရေဗျနိုင်ငံ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မခံယူသော ကျောင်းသားများကို ကျောင်းဝင်ခွင့် တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဆော်ဒီပညာရေးဝန်ကြီးက ယမန်နေ့တွင် ကြေညာသည်။ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းမရှိပါက အဆိုပါ ကျောင်းသား များကို ပျက်ကွက်အဖြစ် သတ်မှတ်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ထပ်မံ ပြောကြားသည်။

ဆော်ဒီအစိုးရသည် သြဂုတ် ၂၉ ရက်မှစ၍ ပညာသင်နှစ်စတင်ရန် စီစဉ်ထားရာ ကျောင်းသားများနှင့် ကျောင်းဝန်ထမ်းများ၏ ကျန်းမာရေး ဘေးကင်းလုံခြုံမှု ရရှိစေရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်။ ဆော်ဒီအာရေဗျနိုင်ငံသည် Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက် ၁၇ နှစ်နှင့်အထက် ပြည်သူများ အတွက် ယခုနှစ် ဇူလိုင် ၉ ရက်က ပထမဆုံးအဖြစ် အတည်ပြုခဲ့သည်။ ထို့အပြင် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် AstraZeneca ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကိုလည်း အရေးပေါ်သုံးစွဲရန် အတည်ပြုခဲ့ကြောင်း သိရသည်။

ကိုးကား-အက်စ်ပီအေ၊

ဘာသာပြန်-ဂျေတီ