နေပြည်တော် မတ် ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရွှေဥကျေးရွာရှိ ဟန်စိုးမိုး ကုမ္ပဏီလီမိတက်၏ ငါးမွေးမြူရေးနှင့် ငါးအစာတောင့်စက်ရုံကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနတာဝန်ခံနှင့် ကုမ္ပဏီတာဝန်ရှိသူတို့က ငါးအစာတောင့် ထုတ်လုပ်ဖြန့်ဖြူးနေမှု၊ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခုန်းမ၊ ရေချိုငါးမုတ်များ မွေးမြူထားရှိမှုနှင့် ဆော်ဒီအာရေဗျနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် အကောင်းဆုံးရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (BAP) လိုက်နာ ကျင့်သုံးမှုတို့ကို ရှင်းလင်းတင်ပြကြရာ ရာဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။

အလားတူ ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရာစံအေး ငါးမွေးမြူရေးစခန်း၌ ဆော်ဒီအာရေဗျနိုင်ငံသို့ အဓိကတင်ပို့နိုင်ရန်အတွက် အကောင်းဆုံး ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (BAP) ဖြင့် ငါးမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်းရှင်များအား  BAP Pre-Audit Team ၏ စစ်ဆေးဆောင်ရွက်ခဲ့သည့် အချက် (၁၀၃) ချက်အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ကြရေး ဈေးကွက်လိုအပ်ချက်အရ ဆော်ဒီအာရေဗျနိုင်ငံသို့ မွေးမြူရေး ရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့် ရရှိရေးအတွက် BAP ကျင့်စဉ်နှင့်အညီဆောင်ရွက်ရေးနှင့် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကျင့်သုံးရန်လိုအပ်ချက်များ၊ မွေးမြူသည်မှ ကုန်ချော ထုတ်လုပ်သည်အထိ လုပ်ငန်းစဉ် အဆင့်တိုင်းတွင် တင်သွင်းနိုင်ငံများမှ ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်လုပ်နိုင်ရေးနှင့် အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ် ကင်းရှင်းသော ရေထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေး အကြံပြုဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်