ဆော်ဒီအာရေဗျနိုင်ငံသို့ မြန်မာ့ရေထွက်ကုန်ပစ္စည်းများ ပြန်လည်တင်ပို့နိုင်ရန် SFDA အဖွဲ့ကို ဖိတ်ခေါ်အစစ်ဆေးခံသွားမည်

ရန်ကုန်  ၂၄  ဇန်နဝါရီ


ဆော်ဒီအာရေဗျနိုင်ငံသို့ မြန်မာ့ရေထွက်ကုန်ပစ္စည်းများ ပြန်လည်တင်ပို့နိုင်ရန်အတွက် ပြည်တွင်းရှိ ငါးပြုပြင်စက်ရုံများနှင့် ငါးမွေးမြူရေးကန်များကို Saudi Food and Drug Authority (SFDA) အဖွဲ့မှ လာမည့်မတ်လအတွင်း ဖိတ်ခေါ်အစစ်ဆေးခံသွားမည် ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။


အဆိုပါ SFDA အဖွဲ့ကို ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်၍ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ဆော်ဒီနိုင်ငံသို့ တင်ပို့လျက်ရှိသော စက်ရုံ ၂၅ ရုံမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များကို ဖိတ်ခေါ်၍ ဇန်နဝါရီ ၂၅ ရက်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


"ဆော်ဒီနိုင်ငံကို တင်ပို့နေတဲ့ စက်ရုံတွေ ငါးတွေကို ဘယ်ငါးကန်တွေက ယူတယ်ဆိုတာကို ကျွန်တော်တို့ စာရင်းပြုစုမယ်။ အဲ့ကနေပြီးတော့မှ တင်ပို့မယ့်လမ်းကြောင်း ကင်းရှင်းမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးကြည့်ပါမယ်။ ဒါတွေကို ဖေဖော်ဝါရီလအတွင်းမှာ အပြီး ဆောင်ရွက်သွားပါမယ်။ နောက်တစ်ခု မွေးမြူရေးဌာနခွဲနဲ့ ပူးပေါင်းပြီးတော့ ငါးကန်တွေက GAP စနစ် အကောင်အထည် ဖော်ထားတာ ရှိ/မရှိ စစ်ဆေးခံမယ့် ကန်တွေကို အတည်ပြုသွားမယ်" ဟု ငါးလုပ်ငန်းဦးစီးဌာန၊ အရည်အသွေးထိန်းသိမ်းရေးနှင့် သုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။ 


ဆော်ဒီနိုင်ငံသို့ ငါးတင်ပို့လျက်ရှိသော မြန်မာကုမ္ပဏီများသည် ဆော်ဒီမှ သတ်မှတ်ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များအရ အွန်လိုင်းမှတစ်ဆင့် ဦးစွာဆက်သွယ် စာရင်းပေးရမည်ဖြစ်ကြောင်း သိရသည်။ 


ထို့အပြင် ငါးလုပ်ငန်းဦးစီးဌာနမှလည်း ပြည်တွင်းရှိ ငါးပြုပြင်စက်ရုံ၊ ငါးကန်နှင့် အခြားလိုအပ်သည့် အချက်အလက်များကို ကြိုတင်စစ်ဆေးထားရှိမည်ဖြစ်ကြောင်း သိရသည်။ 


ဆော်ဒီအာရေဗျနိုင်ငံသို့ မြန်မာနိုင်ငံမှ ငါးတင်ပို့ခွင့် ပိတ်ပင်ထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ်မြို့တွင် Saudi Food and Drug Authority (SFDA) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


"အဲ့ဒါလုပ်ပြီးရင် SFDA က လာစစ်ဆေးဖို့အတွက် ကျွန်တော်တို့မှာ လက်ရှိ time line အရ နှစ်လလောက် အချိန်ရမှာ ဖြစ်ပါတယ်။ ဒါတွေကို သူ့အဆင့်လိုက် သတ်မှတ်ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့ဘက်က အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် SFDA အဖွဲ့ကို မတ်လထဲမှာ invitation letter ပေးပို့ပြီး ကျွန်တော်တို့ဌာနက တရားဝင် invite လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြထားပြီး ဖြစ်ပါတယ်။ အဲ့ဒါပြီးရင် SFDA က လာစစ်ဆေးခံဖို့ ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်" ဟု ဦးသက်နိုင်က ပြောသည်။ 


၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်မှ (၂၃)ရက်အထိ ဆော်ဒီနိုင်ငံသို့ သွားရောက်ခဲ့သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှ ဆော်ဒီနိုင်ငံသို့ ပထမဆုံးသွားရောက်သော တရားဝင်ကုန်သွယ်ရေး မစ်ရှင်အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် ငါးလုပ်ငန်းဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ပြည်ပတင်ပို့သည့် အအေးခန်းစက်ရုံ လုပ်ငန်းရှင်များမှ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။


"ဆော်ဒီကို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ SFDA အဖွဲ့နဲ့ ငါးလုပ်ငန်းဦးစီးဌာနတို့ သွားရောက်ဆွေးနွေးကြတာ ရှိတယ်။ သွားပြီးဆွေးနွေးမယ့် ခရီးစဉ်စီစဉ်တာက နည်းနည်း အချိန်နှောင်းပြီး နောက်ကျသွားတဲ့ အခြေအနေရှိပါတယ်။ စောစောစီးစီးသွားခဲ့ရင် အခုလောက်ဆိုရင် ဆော်ဒီ-မြန်မာ ကုန်သွယ်ရေးဟာ ပုံမှန်အနေအထား ရောက်နေနိုင်တဲ့ သဘောရှိတယ်။ သူတို့သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း၊ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှ စစ်ဆေးပြီး တင်ပို့ခွင့်ပြုမှာ။ ဒါက မြန်မာတစ်နိုင်ငံတည်း မဟုတ်ဘူး။ ဆော်ဒီကိုပို့နေတဲ့ နိုင်ငံအားလုံး ဒီအတိုင်းပဲ" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။ 


ဆော်ဒီနိုင်ငံမှ ငါးတင်ပို့မှု ယာယီရပ်ဆိုင်းလိုက်ခြင်းကြောင့် ငါးမွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် ကန်ဖော်၍ ဈေးကွက်အတွင်း တင်ပို့ရောင်းချခဲ့သဖြင့် ဆုံးရှုံး နစ်နာမှုများ ရှိခဲ့ပြီး မွေးမြူရေးအနေဖြင့်လည်း ၂၀၁၈ ခုနှစ်အတွင်း လျော့နည်းသွား၍ လက်ရှိတွင် ငါးဈေးကွက်အတွင်းသို့ ငါးမြစ်ချင်းငါး ဝင်ရောက်မှုကြောင့် ငါးဈေးနှုန်းမြင့်တက်နေကာ ဆော်ဒီနိုင်ငံသို့ ရေထွက်ပစ္စည်းများ ပြန်လည်တင်ပို့ခွင့်ရရှိပါက ပြည်ပဈေးကွက် လိုအပ်ချက်ရှိလာနိုင်ကြောင်း သိရသည်။ 


လက်ရှိတွင် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ပမာဏတွင် မွေးမြူရေး ငါးတင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းမှာ ငါးမြစ်ချင်းဖြစ်ပြီး ဆော်ဒီနိုင်ငံသို့ ငါးတင်ပို့မှုပမာဏမှာ ၃၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ 


"အဓိကတော့ ဆော်ဒီက သူတို့နိုင်ငံရဲ့ အစားအသောက်တွေ ဆေးဝါးတွေနဲ့ ပတ်သက် ဥပဒေတွေ ပြင်လိုက်တယ်။ နည်းစနစ်အသစ်တွေလည်း ပြဋ္ဌာန်းလိုက်တာပေါ့။ အဲ့ပြဋ္ဌာန်းတာနဲ့ ကိုက်ညီမှ သူတို့နိုင်ငံကို တင်သွင်းခွင့်ပြုမယ်။ အဲ့တော့ ကိုယ့်လုပ်ရမယ့် အလုပ်ကို ကိုယ်က သူနဲ့ကိုက်ညီအောင် အရင်ပြုပြင်မှု လုပ်ရမှာပေါ့။ အဲ့ဒီပြုပြင်မှု လုပ်ပြီးလို့ရှိရင် သူဆီမှာ Registration လုပ်ပြီး သူတို့နိုင်ငံထဲ ပို့ခွင့်လျှောက်ရမယ်။ အဲ့ဒီလျှောက်တဲ့ ကုမ္ပဏီတွေ၊ အအေးခန်းတွေက သူတို့ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီအောင် ပြုပြင် ပေးရ မယ်။ ပြုပြင်ပြီးလို့ သူတို့ကို အကြောင်းကြားရင် သူတို့က လာစစ်မယ်။ အဲ့လာစစ်တဲ့ စစ်ဆေးချက် အောင်မြင်သွားရင် သူတို့ဆီကို ပို့ခွင့်ရမယ်ဆိုတော့ ဆော်ဒီနိုင်ငံကို တင်ပို့ခွင့်ရမလား၊ မရလားဆိုတာတော့ အဲ့ဒီကြိုးပမ်းအားထုတ်မှုနဲ့ သူတို့ လာစစ်တဲ့အပေါ်မှာ မူတည်ပါတယ်" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။ 


ဆော်ဒီအာရေဗျနိုင်ငံ ပတ်ဝန်းကျင်၊ ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန၊ Saudi Food and Drug Authority နှင့် ဆော်ဒီနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်း အသင်းဖွဲ့တို့မှ အဖွဲ့ဝင်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းက ဗီယက်နမ်နိုင်ငံ ရှိ ဆော်ဒီနိုင်ငံသို့ ငါး၊ ပုစွန်၊ ရေထွက်ပစ္စည်းတင်ပို့နေသည့် စက်ရုံပေါင်း ၂၄ ရုံသို့ သွားရောက်လေ့လာ စစ်ဆေးခဲ့ကြောင်း သိရသည်။


ယင်းကဲ့သို့ သွားရောက်စစ်ဆေးရာတွင် ဆော်ဒီနိုင်ငံမှ သတ်မှတ်ထားသော ကျန်းမာရေးနှင့် သန့်ရှင်းမှုဆိုင်ရာ စံချိန်စံညွှန်းနှင့် ကိုက်ညီသော စက်ရုံ ၉ ရုံသာရှိသည့်အပေါ် ဗီယက်နမ်နိုင်ငံမှ ရေထွက်ပစ္စည်းတင်ပို့မှုကို မတ်လ (၁)ရက်နေ့မှစ၍ ယာယီပိတ်သိမ်းခဲ့ပြီး ဗီယက်နမ်နိုင်ငံအပြင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့မှ ရေထွက်ပစ္စည်းများ တင်သွင်းမှုကိုလည်း ၂၀၁၈ ခုနှစ် ဧပြီလမှစတင်၍ လက်ရှိအချိန်အထိ ပိတ်ပင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မေသက်နှင်း