ရန်ကုန် ၊ ဇူလိုင် ၂၉
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည့်တိုင် မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ် ရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မသူဇာမိုးအား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာပြည်နယ်ရဲတပ်ဖွဲ့နှင့် လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသားအကျိုးစီးပွားမြှင့်တင်ရေး ဝန်ကြီးဌာနတို့မှ အာဏာပိုင်များနှင့်ညှိနှိုင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ မသူဇာမိုးသည် ဇူလိုင် ၂၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့မှ ဒေသစံတော်ချိန် ည ၈ နာရီတွင် ထွက်ခွာပြီး ဒူဘိုင်း၊ နယူးဒေလီ လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ယနေ့မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံသူ မသူဇာမိုးသည် ရန်ကုန်မြို့မှ အေးဂျင့်၏ ပို့ဆောင်ပေးမှုဖြင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ဒူဘိုင်းမြို့သို့ အလုပ်လုပ်ကိုင်ရန် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ရောက်ရှိခဲ့ပြီး ထိုအေးဂျင့်ရုံး၌ ရက် ၂၀ ခန့်နေထိုင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် Tourism ဗီဇာ ဖြင့် ရီရတ်ဒ်မြို့ရှိ အလုပ်ရှင်နေအိမ်၌ တစ်လလျင် ဆော်ဒီရီရယ် ၁၂၀၀ ဖြင့် အလုပ်လုပ် ကိုင်ခဲ့ရာ ခြောက်လကျော်ကြာမြင့်ခဲ့ပြီး မိသားစုထံသို့ လစာပေးပို့ရာတွင် အေဂျင်စီက လွှဲပြောင်းပေးပို့ခြင်းမရှိခဲ့ကြောင်း၊ အိမ်ရှင်နှင့်အဆင်မပြေမှုကြောင့် နေအိမ်မှ သုံးကြိမ်တိုင် ထွက်ပြေးခဲ့ဘူးပြီး အိမ်ရှင်မှဆက်ဆံရေး ပိုမိုဆိုးဝါးလာခဲ့ရာ ကိုယ်ထိလက်ရောက် ကြူးလွန်ခြင်းကို ကြုံတွေ့လာရကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် သုံးလွှာတိုက် နေအိမ်အပေါ်ထပ်မှ ထွက်ပြေးရန်ကြိုးစားစဉ် ပြူတင်းပေါက်မှပြုတ်ကျခဲ့ရာ ခါးကိုထိခိုက်မိခဲ့ပြီး အိမ်ရှင်က မြန်မာသံရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ မြန်မာသံရုံးအနေဖြင့် မသူဇာမိုးအား သံရုံးဝင်းအတွင်း အဆောက်အဦငယ်တွင် ထားရှိ၍ နေရာထိုင်ခင်းနှင့်စားသောက်ရေးအပြင် ဆေးဝါးနှင့်လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ကောင်းမွန်စွာစောင့်ရှောက် ပေးခဲ့ကြောင်း၊ မြန်မာသံရုံးအနေဖြင့် မသူဇာမိုးအား အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ပြန်လည်ထွက်ခွာခွင့် (Exit Permit) ရရှိခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း။
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့ခဲ့ရမှုနှင့်စပ်လျဉ်း၍ မသူဇာမိုးက “ကျွန်မက ပခုက္ကူမြို့ သဖန်းပင်ရွာမှာနေပါတယ်။ မြန်မာပြည်ကနေ စင်္ကာပူ၊ စင်္ကာပူကနေ ဒူဘိုင်း၊ ရီရတ်ဒ်မြို့ကို ရောက်သွားပါတယ်။ ရီရတ်ဒ်ကအလုပ်ရှင်အိမ်မှာ ကလေးသုံးယောက်ကို ထိန်းရတယ်၊ အိမ်အလုပ်တွေလုပ်ရတယ်။ အလုပ်ပင်ပန်းပြီး အိပ်ချိန်နည်းတာကြောင့် အိပ်ရေးမဝတဲ့ဒဏ်ကိုခံရတယ်။ အိမ်ကိုလစာလွှဲတာလည်း မရောက်ဘူး။ အလုပ်ခြောက်လခွဲမှာ လေးလစာပဲရခဲ့တယ်။ အထူးသဖြင့် ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်တာရယ်၊ မိမိလုပ်အားခ အပြည့်အဝမရတာကြောင့် အိမ်ရှင်ကို ပြန်ချင်တယ်ပြောတော့ မရခဲ့ပေမယ့် နောက်ဆုံး ခါးကိုထိခိုက်မိပြီးနောက်ပိုင်းမှာ မြန်မာသံရုံးကို အိမ်ရှင်ကလိုက်ပို့ပေးပါတယ်။ သမီးကို ကိုယ့်မိသားစုလို့ နွေးနွေးထွေးထွေးနဲ့ ကူညီစောင့်ရှောက်ပေးကြတဲ့ သံအမတ်ကြီး၊ သံမှူးကြီးနဲ့ ဝန်ထမ်းအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒီနေရာကနေလက်ဆယ်ဖြာမိုးပြီး ကန်တော့ပါတယ်။ သမီးတို့ကို ဝင်ငွေကောင်းတယ်ဆိုပြီး သူတစ်ပါးပြောဆို စည်းရုံးမှုနဲ့ နားယောင်မိခဲ့တဲ့အတွက် ပြည်ပမှာ ဒုက္ခမျိုးစုံကြုံခဲ့ရတာမျိုး အခြားသူတွေ မကြုံစေလိုပါဘူး။ တကယ်ကြမ်းတမ်းပါတယ်။ မသွားစေလိုပါဘူး။ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ဖို့ တိုက်တွန်းလိုပါတယ်။ အခုလို အမိနိုင်ငံသားတစ်ဦး အခက်အခဲကြုံတွေ နေချိန်မှာ အားပေးကူညီဆောင်ရွက်ပေးကြတဲ့ မြန်မာသံရုံးနဲ့ နိုင်ငံတော်ကအကြီးအကဲများ အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်”ဟု ပြောကြားသည်။
ဆော်ဒီအာရေဗျနိုင်ငံတွင် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာသံရုံးအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ထိုနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်နှင့် အဆင်မပြေမှုဖြစ်ပေါ်ပါက မြန်မာပွဲစားများက တာဝန်ယူဖြေရှင်းပေးမှုမရှိသည့်အပြင် ဒူဘိုင်းအေဂျင်စီရုံးများနှင့် အလုပ်ရှင်တို့က နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်း၊ ပွဲစားများက အေဂျင်စီရုံးအဆင့်ဆင့်ထံ လက်လွဲအသုံးချခြင်းတို့ကို ကြုံတွေ့ကြရလျက်ရှိသည်။ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့်လည်း အရှေ့အလယ်ပိုင်းနိုင်ငံများကို နှစ်နိုင်ငံသဘောတူညီချက်အရ တရားဝင် အလုပ်လုပ်ကိုင်ရန် စေလွှတ်မှုမရှိကြောင်း၊ မြန်မာ အမျိုးသမီးများအား အဆိုပါနိုင်ငံတွင် အိမ်အကူအလုပ်လုပ်ရန်အတွက် တရားမဝင် အလုပ်လုပ် ကိုင်ရှာဖွေရေးအေဂျင်စီများမှ လိမ်လည်ပို့ဆောင်လျက်ရှိကြောင်း၊ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ပါက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပြဌာန်းချက်များအတိုင်း အရေးယူခံရမည့်အပြင် အခြားမမျှော်မှန်းနိုင်သော အန္တရာယ်များ၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေများနှင့် ကြုံတွေ့နိုင်ကြောင်း၊ ရေမြေခြား၊ ယဉ်ကျေးမှုမတူသည့် ပတ်ဝန်းကျင်တွင် မျက်နှာငယ်ရမည့်အပြင် မြန်မာနိုင်ငံသံရုံး မရှိသည့်နေရာများသို့ ရောက်ရှိနေပါက အကူအညီရရှိရန် အခက်အခဲရှိနိုင်ကြောင်းနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ သွားရောက်ကြမည့်သူများအနေဖြင့် မိမိသွားမည့်ဒေသ၏ အခြေအနေမှန်အား လေ့လာသိရှိထားရန် လိုအပ်ကြောင်း အကြံပြု အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးမှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိပြီး ယခုလို အမိနိုင်ငံသားများ အတိဒုက္ခကြုံ တွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့်မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်း/ဓာတ်ပုံ - ညိမ်းသူ(သတင်းစဉ်)


