ဂျေရုဆလင်၊ စက်တင်ဘာ ၂၃

 

ဆော်ဒီအာရေဗျနှင့် ငြိမ်းချမ်းရေးရရှိရန် အကောင်းဆုံး အနေအထားရှိသည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောသည်။

 

စက်တင်ဘာ ၂၂ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားရာ ဆော်ဒီ အာရေဗျနှင့်ပုံ မှန်သံတမန် ဆက်ဆံရေးနှင့်ပတ်သက်ပြီး နေတန်ယာဟုက ပြောကြားခဲ့သည်။

 

အမေရိကန်၏ ကြားဝင်ပေးမှုဖြင့် အစ္စရေးနှင့်ဆော်ဒီတို့သည် လတ်တလောစေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေသည်။ အစ္စရေးနှင့်ဆော်ဒီတို့အကြား သမိုင်းဝင် ငြိမ်းချမ်းရေးရရှိရန် မထင်မှတ်သည့်အပြောင်းအလဲနှင့် ကြုံတွေ့မည်ဟု ယုံကြည်ကြောင်း နေတန်ယာဟုက ပြော သည်။

 

ပါလက်စတိုင်း အနေဖြင့်လည်း အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပြီး အာရပ်နိုင်ငံများနှင့် ငြိမ်းချမ်းရေးစာချုပ် သစ်များ ပြုလုပ်ရာတွင် ဗီတိုအာဏာ အသုံးပြုခွင့်မပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ပါလက်စတိုင်းတို့၏ အခွင့်အရေး အပြည့်အဝ မရသေးသရွေ့ အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးရရှိ ဦးမည်မဟုတ်ဟု ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က ပြောသည်။

 

အီရန်နိုင်ငံနှင့် ပတ်သက်၍ ပြောကြားရာတွင် နျူကလီးယားလက်နက် အီရန် မရရှိစေရေးအတွက် ၎င်း၏အာဏာကို အသုံးပြု၍ အစွမ်းကုန် ကာကွယ်သွားမည်ဟု နေတန်ယာဟုက ပြောသည်။

 

အင်န်အိတ်ချ်ကေ