၁၈ ဒီဇင်ဘာ

 

 

ဆော်ဒီအာရေဗျနိုင်ငံ အတွင်းရှိ ပြည်သူများအား ယမန်နေ့က စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

 

 

ကျန်းမာရေးဝန်ကြီး တော်ဖိ အယ်လ်ရာဘိရှ်သည် ကာကွယ်ဆေး ထိုးနှံပြီးသူများအနက် တစ်ဦးဖြစ်သည်။

 

 

အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer နှင့် ဂျာမန်မိတ်ဖက် BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားသော ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

 

 

နိုင်ငံသားများနှင့် ဒေသတွင်း နေထိုင်သော နိုင်ငံခြားသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

 

သို့ရာတွင် ကာကွယ်ဆေး ပမာဏ မည်မျှရရှိသည်ကို အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။

 

 

ရေနံစိမ်းဈေး ကျဆင်းခဲ့သဖြင့် အကြီးအကျယ် ထိခိုက်ခဲ့သော ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ ပြန်လည်တည်ဆောက်ရန် ရေနံထုတ်လုပ်သည့် အာရပ်ပင်လယ်ကွေ့နိုင်ငံများက လုပ်ဆောင်နေကြသည်။

 

 

ဆော်ဒီအာရေဗျ နိုင်ငံသည် အခြားနိုင်ငံများနှင့် ခရီးသွား လုပ်ငန်းကို အမြန်ဆုံး ပြန်လည်စတင်ရန် လိုလားပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးရန် အလျင်စလို လုပ်ဆောင်နေသည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို