ကလျာမိုးမြင့် - ရေးသားသည်
မေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိတဲ့ လက်နက်တွေကို ဆော်ဒီအာရေဗျနိုင်ငံဆီ ရောင်းချဖို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီဖြစ်ပြီး ဆုံးဖြတ်ရတဲ့ အကြောင်းကတော့ အီရန်နိုင်ငံက ၎င်းရဲ့အဓိကယှဉ်ပြိုင်ဘက်ဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံအပေါ် ခြိမ်းခြောက်မှုတွေရှိလာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
အရေးပေါ်အခြေအနေဖြစ်လာ
ကွန်ဂရက်လွှတ်တော်က အရင်ဆုံး အတည်ပြုပေးဖို့လိုအပ်တဲ့ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်ရောင်းချမှုကို အကောင် အထည်ဖော်ဖို့အတွက် ဖက်ဒရယ်စည်းမျဉ်း ဥပဒေတစ်ခုကို သမ္မတထရမ့်က ဖော်ပြလာပါတယ်။ အီရန်နဲ့ဖြစ်ပွားနေတဲ့ လက်ရှိတင်းမာမှု အခြေအနေတွေက နိုင်ငံတော်အရေးပေါ် အခြေအနေတစ်ခု ဖြစ်လာစေတဲ့အတွက် အခုလိုလုပ်ဖို့ ဆုံးဖြတ်ရတယ်လို့ ၎င်းက ကြေညာလိုက်ပါတယ်။ဆော်ဒီကိုလက်နက်ရောင်းချဖို့ သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်က ဒီလက်နက်တွေကြောင့် အရပ်သားတွေ ထိခိုက်မှာ စိုးရိမ်ပူပန်နေတဲ့ အဖွဲ့ အစည်းတွေကို အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။ ဒီမိုကရက်တစ်အဖွဲ့ဝင်တချို့က တိတိကျကျ လမ်းòန်ထားတဲ့ လက်နက်ခဲယမ်းမီးကျောက် တွေနဲ့ တခြားဗုံးလက်နက်ပုံစံတွေအပါအဝင် လက်နက်တွေကို ရောင်းချတာဟာ Capitol Hill မှာ အပြင်းအထန် ကန့်ကွက်ခံရနိုင်ဖွယ်ရှိတာ ကြောင့် သမ္မတထရမ့်က ဒီကိစ္စကို ကွန်ဂရက် လွှတ်တော်အား ကျော်လွန်ပြီးလုပ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ဝေဖန်စွပ်စွဲလျက်ရှိပါတယ်။လက်နက် တွေကို အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ ဂျော်ဒန်နိုင်ငံတွေကိုပါ ရောင်းချဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကွန်ဂရက်သို့အကြောင်းကြား
ပြီးခဲ့တဲ့ မေ ၂၃ ရက်က အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက လက်နက်တွေ ရောင်းချဖို့ ထရမ့်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ကွန်ဂရက်လွှတ်တော်သို့ အသိပေးအကြောင်း ကြားခဲ့ရာမှာ အီရန်ရဲ့ အန္တရာယ်ကြီးလှတဲ့ အပြုအမူတွေကြောင့် လက်နက်တွေ ချက်ချင်းရောင်းချဖို့ လိုအပ် လာပြီလို့ ရေးသားထားတဲ့ ပေးစာတစ်စောင်ကို အမေရိကန်သတင်းမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။ အီရန်ရဲ့ အပြုအမူဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ အမေရိကန်ရဲ့ ပြည်တွင်းနဲ့ပြည်ပလုံခြုံရေးတွေအတွက် အဓိကကျတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပြီလို့ ၎င်းက စာထဲမှာ ရေးသား ထားပါတယ်။
ကန့်ကွက်မှုတွေရှိ
ပင်လယ်ကွေ့ဒေသအတွင်းနဲ့ အရှေ့အလယ် ပိုင်းဒေသတစ်လျှောက် အီရန်ရဲ့နောက်ထပ် ရန်လိုတဲ့ အပြုအမူကို ခြိမ်းခြောက်ဟန့်တားနိုင်ဖို့အတွက် လက်နက်ရောင်းချမှုကို အတတ်နိုင်ဆုံးမြန်မြန် ဆန်ဆန်လုပ်ဆောင်ရလိမ့်မယ်လို့ မစ္စတာ ပွန်ပီအိုက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လည်း လက်နက်ရောင်းချမယ့်အရေးဟာ ချက်ချင်းဆိုသလို ကန့်ကွက်ဆန့်ကျင်မှုတွေနဲ့ ကြုံလာပါတယ်။ နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ တာဝန် ယူဆောင်ရွက်နေတဲ့ ဒီမိုကရက်တစ်လွှတ်တော် အမတ် ရောဘတ် မီနန်ဒက်ဇ်က မစ္စတာထရမ့်ဟာ အာဏာရှင်နိုင်ငံတွေကို မျက်နှာသာပေးလွန်းတယ်ဆိုပြီး စွပ်စွဲလာပါတယ်။ သမ္မတထရမ့်ဟာ အမေရိကန်ရဲ့ ကာလရှည်အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို ဦးစားပေးဖို့နဲ့ လူ့အခွင့်အရေး အတွက် ရပ်တည်ဖို့ တစ်ကြိမ်ပျက်ကွက်ခဲ့ပြီးပြီလို့ ၎င်းက ဆိုပါတယ်။
ဝေဖန်ဆန်းစစ်
ရီပတ်ဘလစ်ကန် နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဆီးနိတ်လွှတ်တော်အမတ် ဂင်မ်ရစ်ချ် က လက်နက်အမြောက်အမြား ရောင်းချဖို့ အတည်ပြုမယ့် အစီအစဉ်ကို ထရမ့်စိုးရအဖွဲ့ထံကနေ အကြောင်းကြားစာရရှိခဲ့တယ် လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ဆန်းစစ်နေတယ်လို့ ၎င်းကပြောပါတယ်။ အမေရိကန်တပ်ဖွဲ့ ဝင်တွေကို အရှေ့အလယ်ပိုင်းဒေသမှာ ချထားမယ်လို့ ကြေညာခဲ့ပြီးနောက် မကြာခင်လေးမှာပဲ ထရမ့် အစိုးရအဖွဲ့ရဲ့ လက်နက်ရောင်းချဖို့ ဆုံးဖြတ်တဲ့ သတင်းတွေ တက်လာခဲ့ပါတယ်။
ခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့ဆုံးဖြတ်
မကြာတော့တဲ့ အချိန်တစ်ခုမှာ အမေရိကန် တပ်ဖွဲ့ဝင် ၁၅၀ဝ အပြင် တိုက်ခိုက်ရေးဂျက်လေယာဉ် တွေနဲ့ ဒရုန်းလေယာဉ်တွေကို အရှေ့အလယ်ပိုင်း ဒေသမှာ ချထားတော့မှာဖြစ်တယ်လို့ သမ္မတထရမ့် က ဆိုခဲ့တာဖြစ်ပါတယ်။ အမေရိကန်ကာကွယ်ရေး ဝန်ကြီး ပက်ထရစ်ရှာနာဟန်က လတ်တလော ရင်ဆိုင်နေရတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ ၎င်းရဲ့ အပေါင်းအပါတွေအပါအဝင် အီရန်တပ် ဖွဲ့တွေဆီက ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ရည်ရွယ် ထားတဲ့အတွက်ကြောင့် အမေရိကန်ရဲ့ လက်နက် တွေကို ဆော်ဒီဆီရောင်းချဖို့ ဆုံးဖြတ်လိုက်တာဖြစ် တယ်လို့ဆိုပါတယ်။
တင်းမာမှုတွေအရှိန်မြှင့်လာ
အမေရိကန်က အီရန်နိုင်ငံက ရေနံတွေ ဆက်လက်ဝယ်ယူနေကြတဲ့ နိုင်ငံတွေကို ကင်းလွတ် ခွင့်ပေးထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အဆုံးသတ်တဲ့အချိန်ကစပြီး အခုလအတွင်းမှာ အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေ အရှိန်မြှင့်လာခဲ့တာဖြစ်ပါတယ်။ ပိတ်ဆို့မှုကင်းလွတ် ခွင့်တွေကို ရုပ်သိမ်းလိုက်ရတဲ့ အကြောင်းကတော့ အီရန်ရဲ့ ရေနံတင်ပို့မှုကို သုညအထိ ရောက်ရှိသွား စေလိုတဲ့ ရည်ရွယ်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သိရပါတယ်။
စည်းကမ်းလိုက်နာတော့မည်မဟုတ်
အီရန်နဲ့ အင်အားကြီးနိုင်ငံ ခြောက်နိုင်ငံတို့ အတူတကွလက်မှတ်ရေးထိုးခဲ့ကြတဲ့ သမိုင်းဝင် နျူကလီးယားသဘောတူစာချုပ်ကို စွန့်လွှတ်လိုက် ပြီးနောက် မစ္စတာထရမ့်က အရေးယူပိတ်ဆို့မှုတွေ ကို မနှစ်က ပြန်လည်ချမှတ်ခဲ့ပါတယ်။ အီရန်အနေနဲ့ အခုအချိန်မှာ နျူကလီးယားသဘောတူ စာချုပ်ပါစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်နေတာတွေကို အီရန်က ရပ်တန်းက ရပ်လိုက်တော့မယ်လို့ ကြေညာထားပြီဖြစ်ပြီး ပင်လယ်ကွေ့ဒေသအတွင်းမှာ တင်းမာမှုတွေကို ပေါက်ဖွားစေမယ့် ဆူးငြောင့် ခလုတ်က ပိုပြီးကြီးထွားလာတဲ့ အခြေအနေ ရောက်ရှိလာနေခဲ့ပါတယ်
တိုက်ခိုက်မှုတရားခံဘယ်သူလဲ
ဆော်ဒီအာရေဗျနိုင်ငံက ရေနံသိုလှောင်ရုံ နှစ်ခုကို ယီမင်မှာရှိတဲ့ ဟူသီသူပုန်အဖွဲ့က လုပ်ဆောင်ခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုဟာဆိုရင် တမင်နှောင့်ယှက်ဖျက်ဆီးဖို့လုပ်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)က ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း ရေနံတင် သင်္ဘော လေးစင်း ထိခိုက်ပျက်စီးခဲ့ရပါ တယ်။ ယီမင်ရှိ ဟူသီသူပုန်အဖွဲ့ကို အီရန်က ကူညီ ထောက်ပံ့ပေးထားတာဖြစ်ပြီး ဒီကိစ္စဖြစ်ပြီးနောက် ရေနံပိုက်လိုင်းတစ်ခုကို မဖြစ်မနေပိတ်ထားခဲ့ရပါ တယ်။ တိုက်ခိုက်မှုနောက်ကွယ်မှာ အီရန်ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်ကို အီရန်က ငြင်းဆန်ထား ပေမယ့် အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်ရုံးမှ ဒါရိုက်တာ ရေတပ်ဗိုလ်ချုပ် Michael Gilday က ဒီကိစ္စကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ( IRGC) က လုပ်တာလို့ စွပ်စွဲထားပါတယ်။
ကွန်ဂရက်လွှတ်တော်နဲ့သဘောထားကွဲလွဲနေချိန်ဖြစ်
မေရိကန်ရဲ့ လက်နက်ရောင်းချမှုမှာ လေယာဉ်ပြုပြင်ထိန်းသိမ်းမှု၊ အနီးကပ်စောင့်ကြည့် ထောက်လှမ်းမှု၊ လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ အခြားထောက်ပံ့မှုတွေလည်း ပါဝင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ခါတိုင်းလုပ်နေကျပုံစံကနေ ခွဲထွက်ပြီး ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုထောက်ခံ ချက်မပါဘဲ အရေးပေါ်အခြေအနေတစ်ရပ်အဖြစ်အကြောင်းပြကာ မြန်မြန်ဆန်ဆန်လက်နက် ရောင်းချ ဖို့ အိမ်ဖြူတော်က ကြိုးပမ်းနေတာဖြစ်ပြီး သမ္မတထရမ့်အစိုးရအဖွဲ့နဲ့ ကွန်ဂရက်လွှတ်တော်တို့ သံတမန်ရေးရာ ကိစ္စတွေနဲ့ပတ်သက်လို့ သဘော ထားကွဲလွဲမှုတွေ ဖြစ်ပွားချိန်အတွင်းမှာ ဒီဆုံးဖြတ် ချက် ပေါ်ထွက်လာခဲ့တာပါ။ တစ်ဖက်မှာလည်း ဥပဒေပြုအမတ်တွေက ဆော်ဒီသတင်းစာသမား တစ်ဦး ပြီးခဲ့တဲ့နှစ်က အသတ်ခံရတဲ့ကိစ္စဖြစ်ပြီးခဲ့တာတောင်မှ အိမ်ဖြူတော်က ဆော်ဒီကို ဆက်ပြီး အားပေးထောက်ခံနေသေးတယ်ဆိုပြီး ဝေဖန်နေတာတွေရှိပါတယ်။
ပြီးခဲ့တဲ့ဧပြီလအတွင်းက ယီမင်စစ်ပွဲအတွင်း ဆော်ဒီရဲ့စစ်ရေးအရ ကြားဝင်စွက်ဖက်မှုမှာ အမေရိကန်က ကူညီထောက်ပံ့ပေးနေတာကို ရုပ်သိမ်းဖို့ ဥပဒေပြုအမတ်တွေရဲ့ ဆုံးဖြတ်ချက်ကို သမ္မတထရမ့်က ဗီတိုအာဏာနဲ့ပယ်ချလိုက်ပါတယ်။ဥပဒေပြုအမတ်တွေက အာဏာရှင်နိုင်ငံဖြစ်တဲ့ ဆော်ဒီကို သမ္မတထရမ့်က မျက်နှာသာပေးနေတယ် ဆိုပြီး ထင်မြင်နေကြတဲ့အချိန်မှာ ဆော်ဒီကို လက်နက်ရောင်းချဖို့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ အင်မတန်ပြတ်သားရဲတင်းလွန်းတယ်လို့ ဆိုရဖွယ်ရှိ နေပါတယ်။ ။
ကိုးကား-အင်န်အိတ်ချ်ကေ၊ဘီဘီစီ