၄ စက်တင်ဘာ
ဆော်ဒီနယ်စပ်မြို့ဖြစ်သည့် ခါမစ်မူရှပ်မြို့သို့ ပစ်လွှတ်ခဲ့သည့် ဒရုန်းယာဉ်တစ်စင်း ကို ယမန်နေ့က ယီမင်ရှိ စစ်ပွဲတွင် ပါဝင်ဆင်နွှဲတိုက်ခိုက်နေသော ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ပြောကြားခဲ့သည်။
ယမန်နေ့ညနေပိုင်းက ယီမင်နိုင်ငံ မြို့တော် အမ်ရန် မှ ပစ်လွှတ်ခဲ့သော ဒရုန်းယာဉ် သည် ၎င်းပစ်မှတ်မရောက်မီ ဖျက်ဆီးခံခဲ့ရကြောင်း ထိုညွန့်ပေါင်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တာကီအယ်လ်မာလီကီက ပြောကြားခဲ့သည်။
ဟူသီပြည်သူ့စစ်တပ်က ယခုကဲ့သို့ ဒရုန်းယာဉ်ဖြင့် တိုက်ခိုက်ရန်ကြိုးပမ်းမှု သည် ဒုတိယအကြိမ်မြောက် ဖြစ်ကာ ညွန့်ပေါင်းတပ်ဖွဲ့က ထိုဒရုန်းယာဉ်ကို ကြားဖြတ်တိုက်ခဲ့သည်။
ညွန့်ပေါင်းတပ်ဖွဲ့သည် အရပ်သားများကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့သဖြင့် အီရန်ကျောထောက် နောက်ခံ ဟူသီပြည်သူ့စစ်တပ်ပစ်လွှတ်သည့် ဒရုန်းယာဉ်များ ပျက်စီးကာ အောင်မြင်မှုမရှိခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ နှင့် ၎င်း၏ဓလေ့ထုံးတမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ညွန့်ပေါင်းတပ်ဖွဲ့၏ ပူးတွဲအဖွဲ့များသည် ပြည်သူ့စစ်များကို ဟန့်တားသည့် အစီအမံများ ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း အယ်လ်မာလီကီ က အလေးပေးပြောကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို