ဝါရှင်တန်   ၁၈ စက်တင်ဘာ   

ပင်လယ်ကွေ့ဒေသအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကို ပိုမိုတင်းမာလာစေခဲ့သည့်   ဆော်ဒီရေနံသန့်စင်စက်ရုံ   တိုက်ခိုက်ခံခဲ့ရမှုအတွက် အမေရိကန်ပြည်ထောင်စုက စစ်ရေးအရ တုံ့ပြန် ဆောင်ရွက်ရန် အသင့်ရှိနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  ပြောကြားလိုက်သည်။

ဆော်ဒီရေနံသန့်စင်စက်ရုံနှစ်ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရမှု နောက်ကွယ်တွင်   အီရန်ကြိုးကိုင်နေသည်ဟု  အမေရိကန်က စွပ်စွဲထားသည်။

ယင်းကိစ္စဖြစ်ပွားပြီးနောက် အမေရိကန်သည် ၄င်း၏မဟာမိတ်ဖြစ်သည့် ဆော်ဒီအာရေဗျနိုင်ငံကို  အကူအညီပေးရန် အသင့်ပြင်ဆင်ထားကြောင်း   ပြောကြားခဲ့သည်။ ရေနံ သန့်စင်စက်ရုံ   တိုက်ခိုက်ခံရမှု၏    နောက်ဆက်တွဲ  အကျိုး သက်ရောက်မှုအနေဖြင့်  ကမ္ဘာ့ရေနံဈေးနှုန်းသည်  စံချိန်တင် ထိုးတက်သွားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍   ဖြေရှင်းရန်  နည်းလမ်းအများ အပြားရှိနေကြောင်း၊ သို့ဖြစ်ရာ အဆောတလျင် တုံ့ပြန်ရန် မလိုအပ်ကြောင်း၊  မဟာမိတ်များနှင့်    ဦးစွာဆွေးနွေးမှု  ပြုလုပ်ရန်ရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။
သေချာပေါက်ပြောနိုင်သည်မှာ  ယင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်မှာ အီရန်အဖြစ်နိုင်ဆုံးပင်ဖြစ်ကြောင်း ထရမ့်ကပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါက အီရန်ကို   ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေသူအဖြစ် ရှုတ်ချခဲ့သည်။ အမေရိကန်တပ်မတော်သည်  ယခုတိုက်ခိုက်မှုကိုဖော်ထုတ်နိုင်ရန်နှင့်  အီရန်ကြောင့်  ယိုယွင်းလာသည့်  နိုင်ငံတကာဥပဒေကို  ကာကွယ်ရန် မိတ်ဖက် နိုင်ငံများနှင့်အတူလက်တွဲ    လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အေအက်ဖ်ပီ