၁၇ စက်တင်ဘာ
ပြီးခဲ့သည့် စနေနေ့က ဆော်ဒီရေနံလုပ်ငန်းများ တိုက်ခိုက်ခံရပြီးနောက် ကမ္ဘာစွမ်းအင်ထောက်ပံ့မှု နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ အကြား ရေနံစိမ်းဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာသည်ဟု သိရသည်။
ယမန်နေ့က ည ၇ နာရီ အချိန် အမေရိကန် ရေနံစိမ်းသတ်မှတ်ဈေးနှုန်းမှာ ၆၃ ဒေါ်လာအောက်ရှိသော်လည်း လန်ဒန် ရေနံစိမ်းရောင်းဝယ်မှုဈေးနှုန်းမှာ ရေနံစိမ်းတစ်စည်လျှင် ၆၉ ဒေါ်လာရှိကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် သီတင်းပတ်အဆုံးပိုင်း ဈေးနှုန်းအရ နှစ်နေရာစလုံးတွင် ၁၄ ရာခိုင်နှုန်းအထက် ဈေးနှုန်းမြင့်တက်သွားသည်။
ဤသီတင်းပတ် ရေနံစိမ်းအရောင်းအဝယ် စတင်လျှင်စတင်ခြင်း အမေရိကန်တွင် ၁၅ ရာခိုင်နှုန်း ခုန်တက်သော်လည်း လန်ဒန်တွင် ၁၉ ရာခိုင်နှုန်း တစ်ဟုန်ထိုးမြင့်တက်ခဲ့သည်။
ဆော်ဒီရေနံလုပ်ငန်းများ တိုက်ခိုက်ခံရပြီးနောက် ရေနံသိုက်တူးဖော်ရန် အဆင်သင့်ဖြစ်ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။
ထိုကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း ရေနံဈေးနှုန်း လျော့ကျမည့် လက္ခဏာမတွေ့ရဟု ဖော်ပြထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို