နေပြည်တော် ဒီဇင်ဘာ ၇

 

ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) ၏ (၁/၂၀၂၂) ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)နှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကော်မတီဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဆောက်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)နှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် အသုံးစရိတ်များ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားချက်များကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း။

 

၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ လျာထားရာတွင် လုပ်ငန်းစီမံကိန်းများ (Projects) နှင့် လုပ်ငန်းများ (Works) ဆိုပြီး နှစ်ပိုင်းရှိသည့်အပြင် မဟာဗျူဟာမြောက် လုပ်ငန်းစီမံကိန်းများ၊ Project Bank တွင် လျာထားမည့် လုပ်ငန်းစီမံကိန်းများ ပါဝင်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းများ အားလုံးကို Myanmar Sustainable Development Plan နှင့် ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိသည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများကို လျာထားရာတွင် လုပ်ငန်း စီမံကိန်းသစ်၊ ဆောင်ရွက်ဆဲလုပ်ငန်း စီမံကိန်းများဖြင့် ခွဲခြားဖော်ပြပြီး မိမိတို့ဝန်ကြီးဌာနများမှ ခွဲဝေ ရရှိထားသော ငွေလုံးငွေရင်း အသုံးစရိတ်ဘောင်အတွင်းမှ လျာထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ အနေဖြင့် ဘဏ္ဍာငွေ ရသုံးခန့်မှန်းခြေ ငွေစာရင်းများ ရေးဆွဲတင်ပြရာတွင် ငွေလုံးငွေရင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အချက်များကို ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရေးလိုက်နာဆောင်ရွက်ရမည့် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ ဆက်လက်၍ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒများ နှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ဆောက်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) အတွင်းရေးမှူးနှင့် ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများမှ တာဝန်ရှိသူတို့က မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးတင်ပြရာ ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်