နေပြည်တော် ဇန်နဝါရီ ၂၉
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ (၁၀၁)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ Website စတင်အသုံးပြုနိုင်ရန် ဖွင့်လှစ်ပေးသည့် အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီက နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄၀)ရှိ အစည်းအဝေးခန်းမ၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းထိန်က “မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော မြို့ပြစီမံကိန်း ရေးဆွဲခြင်း၊ အိမ်ရာစီမံကိန်းများ တည်ဆောက်ခြင်းသည် ဒေသဖွံ့ဖြိုးမှုအတွက် အဓိက လိုအပ်သည့် ဆက်သွယ်သွားလာရေးလမ်းကြောင်း၊ ကုန်စည်စီးဆင်းမှုလမ်းကြောင်းများ ချောမွေ့ ဖြောင့်ဖြူးရန်အတွက် လမ်း၊ တံတား၊ အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန်ရန် ဟန်ချက်ညီရန် ရေးဆွဲခြင်းဖြစ်ကြောင်း၊ မြို့ပြမှာ အခြေချနေထိုင်သည့် ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ရာ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ကောင်းမွန်သည့် မြို့ပြအခြေခံ အဆောက်အအုံတွေ ပြည့်စုံရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။
ယနေ့ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေအရ e-Government ၏ အခန်းကဏ္ဍသည် အရေးကြီးသည့် နေရာမှာ ပါဝင်လာပြီး e-Government ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် သတင်းအချက်အလက် လျင်မြန်စွာ စီးဆင်းလျက်ရှိရာ ပြည်သူလူထုမှ လိုလားသော အချက်အလက်များ ဖြန့်ဖြူးပေးနိုင်မည့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ Website ကို အသုံးပြုနိုင်ရန်အတွက် ဖေဖော်ဝါရီ ၁ ရက်တွင် ကျရောက်မည့် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန၏ (၁၀၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အောင်မြင်စွာ စတင်လွှင့်တင်နိုင်ပြီ ဖြစ်ကြောင်း။
နိုင်ငံတကာအတွေ့အကြုံရှိ ကျွမ်းကျင်သူများနှင့် ပြည်တွင်းရှိ ပညာရှင်များမှ ပို့ချပေးသော မြို့ပြ စီမံခန့်ခွဲခြင်းကဏ္ဍ၊ အိမ်ရာကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု နည်းဗျူဟာကဏ္ဍ ၊ မြေယာစီမံခန့်ခွဲမှုကဏ္ဍနှင့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးကဏ္ဍတို့ကို Website မှတစ်ဆင့် လေ့လာသိရှိနိုင်မှာ ဖြစ်ကြောင်း။
ယခု စတင်အသုံးပြုရန် ဆောင်ရွက်ခဲ့သည့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ Website ကို နည်းပညာ အသစ်များဖြင့် ပိုမိုကောင်းမွန်အောင် အစဉ်အဆက်အ ကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုကြောင်း၊ ခေတ်စနစ်နှင့်ကိုက်ညီသည့် နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာပြီး လိုအပ်သည့် သတင်း အချက်အလက်များ ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြင့် ဌာန၏ e-Government လုပ်ငန်းစဉ်များအတွက် များစွာ အထောက်အပံ့ ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း” ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမင်းထိန်က မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ Website ကို စတင်အသုံးပြုနိုင်ရန် ဖွင့်လှစ်ပေးသည်။
ထို့နောက် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်က မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ သမိုင်းကြောင်းနှင့် (၁၀၁)နှစ်မြောက် အထိမ်းအမှတ် ဆွေးနွေးပွဲ စကားဝိုင်း ကျင်းပရခြင်းတို့၏ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ (၁၀၁)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆွေးနွေးပွဲ စကားဝိုင်းအစီအစဉ်တွင် မြို့ပြကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ မြေယာကဏ္ဍ၊ တိုင်းဒေသကြီး / ပြည်နယ် ညွှန်ကြားရေးမှူးရုံးများ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ဌာန၏ အနာဂတ် မျှော်မှန်းချက်များနှင့် မဟာဗျူဟာများ ချမှတ်ရေး စသည့် ခေါင်းစဉ်အလိုက် စာတမ်းများကို စာတမ်းရှင် များက အသီးသီး ဖတ်ကြားဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


