နေပြည်တော် ဇန်နဝါရီ ၂၉
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ (၁၀၁) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ Website စတင်အသုံးပြုနိုင်ရန် ဖွင့်လှစ် ပေးသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄၀) ရှိ အစည်းအဝေးခန်းမ၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းထိန် က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ အိမ်ရာစီမံကိန်းများတည်ဆောက်ခြင်းသည် ဒေသဖွံ့ဖြိုး မှုအတွက် အဓိကလိုအပ်သည့် ဆက်သွယ်သွားလာရေးလမ်းကြောင်း၊ ကုန်စည်စီးဆင်းမှုလမ်း ကြောင်းများ ချောမွေ့ဖြောင့်ဖြူးရန်အတွက် လမ်း၊ တံတား၊ အခြေခံအဆောက်အအုံများ ပြည့်စုံ ကောင်းမွန်ရန် ဟန်ချက်ညီရန် ရေးဆွဲခြင်းဖြစ်ကြောင်း၊ မြို့ပြမှာ အခြေချနေထိုင်သည့် ပြည်သူများ အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ရာ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကောင်းမွန်သည့် မြို့ပြအခြေခံ အဆောက်အအုံတွေ ပြည့်စုံရန် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း။
ယနေ့ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေအရ e-Government ၏ အခန်းကဏ္ဍသည် အရေးကြီးသည့် နေရာမှာပါဝင်လာပြီး e-Government ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် သတင်းအချက်အလက်လျင်မြန်စွာစီးဆင်းလျက်ရှိရာ ပြည်သူလူထုမှ လိုလားသော အချက်အလက်များ ဖြန့်ဖြူးပေးနိုင်မည့်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၏ Website ကို အသုံးပြု နိုင်ရန်အတွက် ဖေဖော်ဝါရီ ၁ ရက်တွင် ကျရောက်မည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏(၁၀၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အောင်မြင်စွာ စတင်လွှင့်တင်နိုင်ပြီဖြစ်ပါကြောင်း။
နိုင်ငံတကာအတွေ့အကြုံရှိ ကျွမ်းကျင်သူများ နှင့် ပြည်တွင်းရှိပညာရှင်များမှ ပို့ချပေးသော မြို့ပြစီမံခန့်ခွဲခြင်းကဏ္ဍ ၊ အိမ်ရာကဏ္ဍ ၊ အခြေခံအဆောက်အဦကဏ္ဍ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု နည်းဗျူဟာကဏ္ဍ ၊ မြေယာစီမံခန့်ခွဲမှုကဏ္ဍ နှင့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး ကဏ္ဍတို့ကို Website မှတဆင့်လေ့လာသိရှိနိုင်မှာဖြစ်ပါကြောင်း။
ယခု စတင်အသုံးပြုရန် ဆောင်ရွက်ခဲ့သည့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ Website ကို နည်းပညာ အသစ်များဖြင့် ပိုမိုကောင်းမွန်အောင် အစဉ်အဆက်အကောင်အထည်ဖော် ဆောင်ရွက် သွားရန်လိုပါကြောင်း၊ ခေတ်စနစ်နှင့်ကိုက်ညီသည့်နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာပြီး လိုအပ်သည့် သတင်းအချက်အလက်များ ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြင့် ဌာန၏ e-Government လုပ်ငန်းစဉ်များအတွက် များစွာအထောက်အပံ့ ဖြစ်ထွန်းနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမင်းထိန်က မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ Website ကို စတင်အသုံးပြုနိုင်ရန် ဖွင့်လှစ်ပေးသည်။
ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ၊ ဒေါ်မီမီတင် က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ သမိုင်းကြောင်းနှင့် (၁၀၁)နှစ်မြောက် အထိမ်းအမှတ်ဆွေးနွေးပွဲ စကားဝိုင်းကျင်းပရခြင်းတို့၏ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ (၁၀၁)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆွေးနွေးပွဲစကားဝိုင်းအစီအစဉ်တွင် “မြို့ပြကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ” ၊ “အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ချက်များ” ၊“မြေယာကဏ္ဍ” ၊“တိုင်းဒေသကြီး / ပြည်နယ် ညွှန်ကြားရေးမှူးရုံးများ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက် ချက်များ” ၊ “ဌာန၏ အနာဂတ် မျှော်မှန်းချက်များနှင့် မဟာဗျူဟာများချမှတ်ရေး” စသည့် ခေါင်းစဉ် အလိုက် စာတမ်းများကို စာတမ်းရှင်များက အသီးသီး ဖတ်ကြားဆွေးနွေးကြပြီး တက်ရောက်လာ သူများက သိရှိလိုသည်များ မေးမြန်းခြင်း နှင့် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


