နေပြည်တော် ဇွန် ၂၅
ဆောက်လုပ်ရေးဝန်ကြီးဌာန၏၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ် (၂၀၁/၂ နှင့် ၂၀၁/၄) ကြား၊ နေပြည်တော်အဝင် (စီလမ်းဆုံ) ပရဝုဏ်အတွင်း၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက သတ်မှတ်နေရာတွင် ကျွန်းပင်ကို စိုက်ပျိုးပေးသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းထိန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အမြန်လမ်း မကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး၊ ဒုတိယရဲတပ်ဖွဲ့မှူးနှင့် ရဲဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးက သတ်မှတ်နေရာအသီးသီးတွင် ကျွန်းပင် (၂၀၀) နှင့် ပိတောက်ပင် (၁၀၀) ၊ မဲဇလီပင် (၅၀) ၊ စိန်ပန်းပင် (၅၀) စုစုပေါင်း ပျိုးပင်(၄၀၀) ကို စုပေါင်းစိုက်ပျိုးပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်သည်တော်များ သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုတို့ကို ကြည့်ရှုအားပေးသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၂၁ ခုနှစ် ၊ မိုးရာသီ လမ်းဘေးဝဲ/ယာ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးမည့် အစီအစဉ်အရ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး လမ်းဘေး ဝဲ/ယာတွင် အမြဲစိမ်းပင်၊ အရိပ်ရပင်၊ လေကာပင်၊ ကျွန်းပင်နှင့် အခြားအပင်များ စုစုပေါင်း ( ၁၀၈၉၅ ) ပင်ကျော်နှင့် တစ်နိုင်ငံလုံးရှိ လမ်းမကြီးများ၏ လမ်းဘေး ဝဲ/ယာ၌ စိုက်ပျိုးရန် လိုအပ်သည့်နေရာများတွင် ( ၁၂၉၈၄၈ ) ပင်ကျော်ကို စီမံချက်ချ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


