ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်အား အမည်စာရင်း တင်သွင်း

နေပြည်တော် ၁၆ ဇန်နဝါရီ

 

နိုင်ငံတော် သမ္မတထံမှ ပေးပို့သည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးဟန်ဇော်ကို ခန့်အပ်တာဝန် ပေးလိုခြင်းနှင့် စပ်လျဉ်း၍ ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်မှ သဘောတူညီချက် ရယူနိုင်ရန် တင်ပြခဲ့ပါတယ်။

 

အဆိုပါ ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စု ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းထားသည့် ဦးဟန်ဇော်ကို ခန့်အပ်တာဝန် ပေးခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေ အထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဦးဟန်ဇော်သည် ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် ဦးဆောင်ညွှန်ကြားရေးမှူးရာထူးဖြင့် အငြိမ်းစား ယူခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။

 

မျိုးထက်ဦး(MDN)