နေပြည်တော် ၁၃  ဇူလိုင် 

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ The Suu Foundation နှင့် Total E & P Myanmar (Yadanar CSR Program) တို့၏မြန်မာနိုင်ငံတွင် Road Safety Audit and Road Safety Inspection In Myanmar ဖွဲ့စည်းရေးနားလည်မှုစာချွန်လွှာ (Memorandum of Understanding) လက်မှတ် ရေးထိုးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း(၃)နာရီတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ တက္ကသိုလ်များ (လှိုင်နယ်မြေ)ရှိမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် Function Hall ၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်တက်ရောက်အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီတို့မှနာယကများ၊ ဥက္ကဌများ၊ ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီမှ တာဝန်ရှိသူများ၊ Suu Foundation Project Office မှတာဝန်ရှိသူများ၊ Total E & P Myanmarမှတာဝန်ရှိသူများ၊ ပြည်တွင်း/ ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဖွင့်အမှာစကား ပြောကြားသည်။

၎င်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌဦးအောင်မြင့်ကယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ လည်းကောင်း၊ Total E & P Myanmarမှ Operation, Project &Tecinical Support Manager ဦးစိုးသောင်းမြင့်နှင့် Suu Foundationမှ Project Officer ဒေါ်မြသဉ္ဇာခိုင်တို့ကမြန်မာနိုင်ငံတွင် Road Safety Audit and Road Safety Inspection In Myanmar ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဟန်ဇော်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးတို့၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့်၊ Suu Foundationမှ Project Officer ဒေါ်မြသဉ္ဇာခိုင်နှင့် Total E & P Myanmarမှ Operation, Project &Tecinical Support Manager ဦးစိုးသောင်းမြင့်တို့က မြန်မာနိုင်ငံတွင်Road Safety Audit and Road Safety Inspection In Myanmar ဖွဲ့စည်းရေးအတွက် နားလည်မှုစာချွန်လွှာပေါ်တွင် လက်မှတ်များအသီးသီးရေးထိုးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

Total E & P Myanmar၏ပံ့ပိုးမှုဖြင့်စုဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံယာဉ်/ လမ်းအန္တရာယ်ကင်းရှင်းရေး စီမံချက်များအားပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် ၂၀၁၇ ခုနှစ်မှစ၍ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏လမ်းများပေါ်တွင် ဖြစ်ပေါ်လျက်ရှိသော ယာဉ်မတော်တဆမှုများ လျော့ချရေးဆောင်ရွက်ရာတွင် လမ်းအသုံးပြုနေသည့် ယာဉ်များ၊ လူများ၏ စည်းကမ်းလိုက်နာခြင်း ဘေးကင်းလုံခြုံရေးများအပြင် တည်ဆောက်ထားသောသို့မဟုတ် အသစ်တည်ဆောက်မည်ဖြစ်သော လမ်းများတွင် အန္တရာယ်ကင်းရှင်းရေးတိုင်းတာ စစ်ဆေးချက်များအား ထည့်သွင်းတွက်ချက်ထားသော လမ်းအန္တရာယ်ကင်းရှင်းရေးစစ်ဆေးခြင်း လုပ်ငန်းများကို လမ်းတည်ဆောက်မှု အဆင့်ဆင့်တွင် စနစ်တကျထည့်သွင်း ဆောင်ရွက်သွားနိုင်ရန်ရည်ရွယ်၍ Road Safety Audit and Road Safety Inspection စနစ်ကိုမြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်ရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ဦးဆောင်၍ မြန်မာအင်ဂျင်နီယာများမှ လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် ဖော်ဆောင်သွားမည်ဖြစ်သည်။


ယခုစီမံကိန်းအားစုဖောင်ဒေးရှင်းနှင့် Total E & P Myanmar တို့မှပံ့ပိုး၍ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

(သတင်းစဉ်)