နေပြည်တော် နိုဝင်ဘာ ၂၂

ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department ၏ (၁၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကြိုဆိုသောအားဖြင့် နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းထိန်က ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် ပြည်သူများ၏ နေရေးဖြစ်သည့် မြို့ပြအိမ်ရာ တိုက်တာအဆောက်အဦစသည့် နိုင်ငံတော်၏ အခြေခံအဆောက်အအုံ Transport Infrastructure ဖွံ့ဖြိုးရေး၊ လူမှုအခြေခံအဆောက်အအုံ Social Infrastructure အတွက် အင်ဂျင်နီယာ အတတ်ပညာများကို မဏ္ဍိုင်ပြုပြီး အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစွာဖြင့် တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ထိုကဲ့သို့အရည်အသွေး စံချိန်စံညွှန်း  ပြည့်မီစွာ ဆောင်ရွက်နိုင်ရန် အင်ဂျင်နီယာကဏ္ဍ၏ တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်များတွင် ခေတ်နှင့်အညီ လိုက်ပါနိုင်ရန် အင်ဂျင်နီယာနည်းပညာပိုင်း တိုးတက်ပြောင်းလဲမှု၊ သုတေသနအပိုင်း တီထွင်မှုအပိုင်းများကို တိုးတက်အောင် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်မှ အားထားရသော နည်းပညာ ဖွံ့ဖြိုးတိုးတက်နေသည့် ဝန်ကြီးဌာနကြီးတစ်ခုအဖြစ် ခေတ်အဆက်ဆက် ရပ်တည်ခဲ့ရာ Public Works Department (PWD) မှစ၍ ယခုဆိုလျှင် (၁၃၅) နှစ် တိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။

အဆောက်အဦကဏ္ဍတွင် ဗိသုကာဒီဇိုင်းပိုင်းမှစ၍ လျှပ်စစ်၊ ရေသန့်ပညာရပ်များသည် မြင့်မားလာသည်ကို တွေ့ရှိရပြီး သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်၊ ဘာသာရေးအမွေအနှစ် အဆောက်အဦများကိုပါ ပြုပြင်မွမ်းမံရန် တာဝန်ပေးလာသည်ကို တွေ့ရသည့်အတွက် အင်ဂျင်နီယာများအနေဖြင့် အဆင့်ရှိရှိ စံချိန်မီမီ တည်ဆောက်နိုင်ရေး ယဉ်ကျေးမှု ဗိသုကာပညာနှင့် နည်းပညာများကို လေ့လာဆည်းပူး ထားရှိနေရန် လိုအပ်မည်ဖြစ်ကြောင်း။

ထို့အတူ လမ်း/တံတား တည်ဆောက်ရာတွင်လည်း နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်ရမည့် လမ်း/တံတားများကို စံချိန်စံညွှန်းမီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။    မြို့ပြ ဒေသများနှင့် ပတ်သက်၍လည်း  Better City ၊  Better Life ဆောင်ပုဒ်နှင့်အညီ ပိုမိုကောင်းမွန်သော မြို့၊ ပိုမို ကောင်းမွန်သော ဘဝများ ဖြစ်လာရေး မြို့ပြအိမ်ရာ ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာပံ့ပိုး ပေးနေရမည်ဖြစ်ပြီး Town Planer   မြို့ပြပညာရှင်များ များစွာ ပေါ်ထွန်းလာရေး ဆောင်ရွက်သွားရန် အကြံပြုပြောကြားလိုပါကြောင်း။ ယခုအခါ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးကို ဦးစားပေးနေသကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေသည့် အချိန်ကာလဖြစ်၍ လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်သည့်ဝန်ထမ်းများ ဖြစ်လာရေး လေ့ကျင့်ပေးစေလိုပါကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ၊ အဆောက်အဦ ဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့ မှ စာတမ်းရှင်များက  ၎င်းတို့၏ အတွေ့အကြုံ၊ ဗဟုသုတ၊ နည်းပညာဆိုင်ရာ စာတမ်းများကို  သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ရှင်းလင်းဖတ်ကြားကြပြီး တက်ရောက်လာသည့် အရာထမ်း/ အမှုထမ်းများက သိရှိလိုသည်များကို အပြန်အလှန် နည်းပညာ ဗဟုသုတများ ဆွေးနွေးဖလှယ်ကြသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန Public Works Department ၏ (၁၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကြိုဆိုသောအားဖြင့် နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့တွင် ပြည်ထောင်စုဝန်ကြီးရုံး ၊ အဆောက်အဦ ဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ စာတမ်းရှင်များက လည်းကောင်း၊ (၂၃) ရက်တွင် လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနတို့မှ စာတမ်းရှင်များက လည်းကောင်း၊ (၂၄) ရက်တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနတို့မှ စာတမ်းရှင်များကလည်းကောင်း သက်ဆိုင်ရာခေါင်းစဉ်အလိုက် ရှင်းလင်းဖတ်ကြားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်