နေပြည်တော်၊  ၄  ဖေဖော်ဝါရီ   

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မူဝါဒပိုင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်  ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးရွှေလေး ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် နေပြည်တော်မှ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ တက်ရောက်ကြပြီး  တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးများသည် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ယခုအခါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဌာန၏ ရည်မှန်းချက် တာဝန်များကို နိုင်ငံတော်အစိုးရ၏ လက်ရှိလမ်းညွှန်ချက်များနှင့် အညီ လုပ်ငန်းများ အရှိန်အဟုန်မပြတ် အောင်မြင်အောင် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ 

လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ၊ ထိန်းချုပ် ၊  ကုသရေးနှင့် ပတ်သက်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို ဝန်ထမ်းများအားလုံး လိုက်နာရန် လိုအပ်ပါ ကြောင်း၊   လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိဆောင်ရွက်ဆဲ လမ်း / တံတား တည် ဆောက်ရေးလုပ်ငန်းများ၊  ပုဂ္ဂလိကနှင့်  ပူးပေါင်းဆောင်ရွက်သည့်  လုပ်ငန်းများကို  မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ခွင့်ပြု သွားမည်ဖြစ်ကြောင်း။

လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ စာရင်းစစ်ဆေးသည့် အပိုင်းများတွင်လည်း ဌာနအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ  အပြည့်အဝ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ဦးစီးဌာနများ ၊ တိုင်းဒေသကြီး / ပြည်နယ်များမှ တာဝန်ခံ ညွှန်ကြားရေးမှူးများ အနေ ဖြင့် လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ နိုင်ငံတော်အဆင့် လုပ်ငန်းစီမံကိန်းကြီးများ ၊ နိုင်ငံတကာနှင့် ဆက်စပ်ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းကြီးများနှင့် ပတ်သက်ပြီး အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြပြီး နှောင့်နှေးမှုမရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်တို့က မိမိတို့ ဦးစီးဌာနအလိုက်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးများက မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံချက်များ ၊ စီမံကိန်းများနှင့် ဆက်လက် ဆောင်ရွက်မည့်  လုပ်ငန်းအစီအမံများကို    ရှင်းလင်းတင်ပြကြပြီး   တက်ရောက်လာသူများ က လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေ အနေတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
  
တင်ပြချက်များအပေါ်   ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်ကချမှတ်ထားသည့်  မူဝါဒများအတိုင်း လုပ်ငန်းများကို  ရပ်တန့်ခြင်းမရှိဘဲ    အရှိန်အဟုန်မပြတ်  ဆက်လက် ဆောင်ရွက်ရန်၊ မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆုံးဖြတ် ပေးရန်များရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်