ဆော ၇   နိုဝင်ဘာ

 

ပခုက္ကူခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူ ပို့ဆောင်ရေး  ကြီးကြပ်ညှိနှိုင်းမှုဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့်မြို့နယ် မော်တော်ယာဉ် စည်းကမ်း ထိန်းသိမ်းကြီး ကြပ်ရေးအသင်းတို့ ပူးပေါင်း၍ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်း လိုင်စင်များ သက်တမ်းတိုးခြင်းကို ဂန့်ဂေါခရိုင်၊ ဆောမြို့ မြို့မအားကစားကွင်း ရုံးခန်းမ၌ နိုဝင်ဘာ ၅ ရက်နေ့ ကစတင်၍ နှစ်ရက်ကြာ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

 

ယင်းသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းက ဆိုင်ကယ်မောင်း(က)လိုင်စင်လျှောက်ထားသူများအား ယာဉ်စည်း ကမ်း၊လမ်းစည်းကမ်း စနစ်တကျ သိရှိနားလည်စေရန် ရှင်းလင်းပြောကြားကာ စစ်ဆေးခြင်းများ ဆောင်ရွက်၍ သက်တမ်းတိုးယာဉ်များ စည်းကမ်းချက်နှင့်အညီ သက်တမ်းတိုးဆောင်ရွက်နိုင်ရန် ပြုလုပ် ဆောင်ရွက်ပေးပြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးဆောင် ရွက်ပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဘီးခွန်လိုင်စင်များဆောင်ရွက်ပေးပြီး မော်တော် ဆိုင်ကယ် လိုင်စင်သက်တမ်းတိုး ၁၁၇ စီး၊သုံးဘီးယာဉ်လိုင်စင်သက်တမ်းတိုး ၁ စီး၊ မော်တော်ယာဉ် လိုင်စင်သက်တမ်းတိုး ၃ စီး၊ဆိုင်ကယ်မောင်း(က)လိုင်စင် ပြုလုပ်သူ ၃၉ ဦး၊ ဆိုင်ကယ်မောင်း (က)လိုင်စင် သက်တမ်းတိုး ၄ ဦး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ပြန်/ဆက်)