ဆော ၂၉ ဇွန်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့သော အခြေခံ စားသောက်ကုန်(၅)မျိုးကို ပြီးခဲ့သည့် မဟာသင်္ကနြ်ရုံးပိတ်ရက် ဧပြီလက ဖြန့်ဝေပေးခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် မြို့ပေါ်ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စု ၃၄၇ စုအတွက် ထောက်ပံ့ငွေများကို ဇွန် ၂၈ ရက်က အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ကျန်ရှိနေသည့် အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၁၅၀ဝ၀ နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း အိမ်ထောင်စု ၃၄၇ စုအတွက် ထောက်ပံ့ငွေကျပ် ၅,၂၀၅,ဝ၀ဝ ကျပ်ကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးအဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆောမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၇၃၈ စုကို အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာနှင့် ကြက်သွန်နီ ၁ ပိဿာတို့ကို နိုင်ငံတော်မှ ပထမအကြိမ် ဧပြီလက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသည့် အခြေခံလူတန်းစား အိမ်ထောင်စု ၁၀၉၇ စုအတွက် အိမ်ထောင်စု တစ်စုလျှင်ကျပ် ၁၅၀ဝ၀ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၁၆,၄၅၅,ဝ၀ဝ ကို ဆက်လက်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ဇော်မျိုးသန့်(ဆော)


