ဆောမြို့    ၁၂   နိုဝင်ဘာ

           

မကွေးတိုင်းဒေသကြီး  ဂန့်ဂေါခရိုင် ဆောမြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာ၌ ကျေးလက်နေ ပြည်သူ များ သောက်သုံးရေဖူလုံစွာ ရရှိစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေလုံးငွေရင်း မူလခွင့်ပြုငွေကျပ်  ၉၆.၈၉   သန်းဖြင့် သောက်သုံးရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

           

ထိုသို့ဆောင်ရွက်ရာ၌ ကျောက်မြောင်းကျေးရွာတွင်  စိမ့်စမ်းရေသွယ်ယူခြင်း၊  ရေတားတမံ တည်ဆောက် ခြင်း၊ ဂါလန်(၅၀ဝ၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း ၊ ခွေးမည်းကန်ကျေးရွာတွင် ဂါလန် (၂၄၀ဝ)ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း၊  လက်တူးတွင်းတူးဖော်ခြင်း၊  ပေ ၁၈၀ဝ ပိုက်လိုင်း သွယ်တန်းခြင်း ၊ ကျင်းလိန် ကျေးရွာတွင် ဂါလန်(၅၀ဝ၀)ဆံ့ရေကန်တည်ဆောက်ခြင်း PVC  ရေပိုက်လိုင်း ပေ (၁၃၀ဝ၀) သွယ်တန်းခြင်း ၊ ပုလဲကျေးရွာတွင (၃/ဝ)မိုင် စိမ့်စမ်းရေ သွယ်တန်းခြင်း စသည့် ရေပေးရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီစီးပါက ကျေးရွာ(၄)ရွာ၏ အိမ်ခြေ (၄၃၂) အိမ်၊ လူဦးရေ (၁၉၆၃)ဦးတို့အတွက် ရာသီမရွေးသောက်သုံးရေ ဖူလုံစွာအသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီမှူးက ပြောသည်။

 

အလားတူ ဆောမြို့နယ်အတွင်းကျေးရွာ(၂)ရွာ၌ ကျေးလက်နေပြည်သူများ စိုက်ပျိုးသီးနှံများ ကုန်ထုတ်လုပ်မှုအတွက် လွယ်ကူစေရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနခွင့်ပြုငွေကျပ် (  ၅၁.၃  ) သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင်   ပြင်လယ်ကျေးရွာ ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်း ကျောက်ရောမြေ ခင်းခြင်းနှင့်  မြေနီကျောက်စရစ်ခင်းခြင်း၊ Box Culvert (၂)စင်း (၁၈'x ၆' x ၆')  နှင့်     သလယ်ကျေးရွာ ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်း ကျောက်ရောမြေ ခင်းခြင်းနှင့်   (၁/ဝမိုင်x၁၂'x၁'-ဝ")    ၊    မြေနီကျောက်စရစ် ခင်းခြင်း (၁/ဝမိုင်x၁၂'xဝ'-၉") ၊ Box Culvert ((၃)စင်း (၁၈'x ၆' x ၆') စသည့်  ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ၊ တံတားလုပ်ငန်းများဆောင်ရွက်ပြီးစီးပါကကျေးရွာ(၂)ရွာမှ အိမ်ခြေ (၁၈၂)အိမ် ၊လူဦးရေ (၉၀၉) ဦးတို့၏ ကုန်ထုတ်လုပ်ငန်းများအတွက် အကျိုးပြုမည်ဖြစ်ကြောင်း ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်မြစန်းလင်းထံမှ သိရသည်။

 

နော်သူလင်း(ဆော)