ဆော  ၁၈  ဇွန်

 

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်တွင် စေတနာ့ဝန်ထမ်းများအား ကူးစက်ရောဂါဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ပါက PPE ဝတ်စုံများ ဝတ်ဆင် ဆောင်ရွက်ရမည် ဖြစ်သဖြင့် PPE ဝတ်စုံ စနစ်တကျဝတ်ဆင်အသုံးပြုနည်းကို ဇွန် ၁၇ ရက်က ဆောမြို့ ယောမင်းကြီး ဦးဘိုးလှိုင်ခန်းမ၌ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သင်တန်းပေးခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် စေတနာ့ဝန်ထမ်းများအား PPE ဝတ်စုံ စနစ်တကျ ဝတ်နည်း/ချွတ်နည်း၊ နှာခေါင်းစည်း တပ်နည်း/ ချွတ်နည်း၊ လက်ဆေးနည်း၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ထိတွေ့ကိုင်တွယ် သယ်ယူနည်းများကို စာတွေ့ လက်တွေ့ သင်ကြားပြသရာ သင်တန်းသားများထဲမှ သုံးဦးအား PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင် အသုံးပြု၍ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ သင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်လေးပန် ဦးဆောင်သည့် အဖွဲ့နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့က ကြီးမှူး ဖွင့်လှစ်ခြင်းဖြစ်ပြီး ဆောမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်းများက လိုအပ်သည့် လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။

 

ဇော်မျိုးသန့် (ဆော)