၁၃ ဖေဖော်ဝါရီ

 

ဆောင်းဝင်လာပြီဆိုတာနဲ့ မိခင်တစ်ယောက်ရဲ့အတွေးက ဘာဖြစ်မယ်ထင်လဲ။ ငါ့ကလေးလေးမှ နွေးနွေးထွေးထွေးရှိရဲ့လား၊ ချမ်းနေမလားမသိဘူးဆိုတဲ့ ပူပန်မှု။ သူချမ်းလာတာနဲ့ ကလေးကို အနွေးထည်တွေအထပ်ထပ် အများကြီးဝတ်ပေးတတ်တဲ့ အမေလည်းရှိရဲ့၊ ခံနိုင်ရည်ရှိမှ ကျန်းမာမှာဆိုပြီး အပြင်ကိုတောင် ဒီအတိုင်းခေါ်သွားတတ်တဲ့ အမေလည်းရှိတယ်။ ကလေးကို သူ့နည်းနဲ့သူ ဂရုစိုက်ကြတာဆိုပေမယ့် ကျန်းမာရေးရှုထောင့်အရ ပျမ်းမျှဆိုရရင် အအေးဒဏ် အပူဒဏ်တွေကို လူကြီးတွေလောက် ခံနိုင်ရည်မရှိတဲ့ ဘေဘီလေး တွေအတွက်က ပုံမှန်ထက်ပိုဂရုစိုက်သင့်ပါတယ်။ ကလေးမှာလည်း တူတူပဲနေမှာဆိုပြီး ကိုယ်ခံစားရတဲ့အသိနဲ့ တန်းတူမတွေးပါနဲ့။

 

အေးတဲ့ရာသီမှာ ဂရုစိုက်ရမယ်ဆိုပြီး ကလေးငယ်လေးကို စောင်တွေအထပ်ထပ်လည်း ပတ်မထားပါနဲ့နော်။ ကလေးတွေအိပ်နေရင်း ရုတ်တရက်သေဆုံးတတ်တဲ့(Sudden Infant Death Syndrome – SIDS)ရောဂါအန္တရာယ်ကို ဖြစ်နိုင်ခြေနည်းစေဖို့ ကလေးကိုသိပ်ရင် ခေါင်းအုံးတွေ၊ စောင်တွေ ထည့်သိပ်တာ သိပ်မများသင့်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားပါတယ်။

 

ကလေးကို ဆောင်းရာသီမှာ ဘေးအန္တရာယ်ကင်းပြီး နွေးနွေးထွေးထွေးဖြစ်စေဖို့က မေမေတို့အပေါ် မူတည်နေတယ်ဆိုတော့…

 

ဒီအချက်လေးတွေ ဂရုစိုက်ကြည့်ပါဦးလို့။

 

ဘေဘီလေးကို အနွေးထည်ဝတ်ပေးပါ

 

အေးနေတဲ့အချိန်မှာ ကလေးကို အနွေးထည်ဝတ်ပေးဖို့မမေ့ပါနဲ့။ သိပ်မအေးနေဘူးဆိုရင်တော့ အနွေးထည်မဟုတ်ဘဲ အင်္ကျီလက်ရှည်တစ်ထည်တော့ ထပ်ဝတ်ပေးသင့်ပါတယ်။ ကိုယ်တိုင်ကအေးတယ်လို့ မခံစားရပေမယ့် အပြင်ရာသီဥတုက အေးနေမယ်၊ တခြားသူတွေအေးနေတယ်ဆိုရင် ကလေးကို ထပ်ဝတ်ပေးပါတော့။ ကိုယ်မချမ်းတာနဲ့ ကလေးကို ဒီအတိုင်းမထားပါနဲ့။

 

ဝတ်ရလွယ်၊ ချွတ်ရလွယ်တာတွေ ဝတ်ပေးပါ ဆောင်းတွင်းဝတ်ဖို့ဆိုပြီး ကလေးအတွက် အနွေးထည်လှလှလေးတွေ ဝယ်ကြပေမယ့် နွေးတာ၊ လှတာအပြင် ကလေးအတွက် သက်တောင့်သက်သာရှိဖို့ကိုလည်း ထည့်တွေးသင့်ပါတယ်။ နွေးတာထက်ကျော်လွန်ပြီး လှောင်အိုက်၊ ကျပ်ထုတ်နေစေနိုင်တဲ့ အထူကြီးတွေဝတ်ပေးတာ မလုပ်သင့်ပါဘူး။ အေးလာရင်ပြန်ဝတ်ပေး၊ အိုက်လာရင်ပြန်ချွတ်ပေးဖို့ လွယ်ကူတဲ့ချုပ်သားဒီဇိုင်း၊ အသားလည်းကောင်းတဲ့ ဝမ်းဆက်လေးတွေကိုရွေးချယ်ပါ။

 

ဦးထုပ်နဲ့ လက်အိတ်၊ ခြေအိတ်တွေဝတ်ပေးပါ

 

ဆံပင်သိပ်မရှိသေး၊ ဦးရေပြားပါးပြီး အအေးမခံနိုင်တဲ့ ကလေးလေးတွေအတွက် အနွေးဦးထုပ်လေးတွေက အအေးဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ခေါင်းစွပ်၊ ခြေစွပ်ပါပြီးသား တစ်ဆက်တည်းဝတ်စုံလေးတွေ အလွယ်တကူဝယ်လို့ရတယ်ဆိုတော့ အပြင်သွားရင် ကလေးအအေးမိမှာသိပ်မပူရတော့ဘူး။ ကလေးက လက်စုပ်တတ်တယ်ဆိုရင် လက်အိတ်အပိုလေးတွေ အရံသင့်ဆောင်ထားပါ။ နွေးလည်းနွေးမယ်၊ တစ်ထည်စိုနေရင် တစ်ထည်လဲလို့လွယ်တာပေါ့။ ခြေဖျားလေးတွေ မအေးစေဖို့ ခြေအိတ်ကလည်း မပါမဖြစ် ဝတ်ပေးသင့်ပါတယ်။

 

ကလေးမှာအေးနေလား၊ သိပ်အိုက်နေသလား အသားကိုစမ်းကြည့်ပါ

 

ရာသီဥတုကအေးတာပဲ ကလေးတော့ အေးနေမှာပဲဆိုပြီး အထပ်ထပ်ဝတ်ပေးထား၊ စောင်နဲ့ပတ်ထားပေမယ့် ပူအိုက်လာတဲ့အခါလည်းရှိနိုင်ပါတယ်။ အနွေးထည်ကြားက ကလေးရဲ့အသားကို မကြာခဏ စမ်းကြည့်ပါ။ ချွေးထွက်နေရင် တစ်ထပ်ချင်းချွတ်ပေးသင့်ပါတယ်။ ချွေးကြောင့် အအေးပြန်ပတ်တာ ပိုစိတ်ပူစရာကောင်းပါတယ်။ အသက်ရှူမြန်နေတာကလည်း အပူများနေတဲ့လက္ခဏာပါ။ ဘာကြောင့်စိုးရိမ်သင့်တာလဲဆို ပူအိုက်လွန်းခြင်းက ကလေးငယ်တွေမှာဖြစ်တတ်တဲ့ ရုတ်တရက်သေဆုံးခြင်းရောဂါ (Sudden Infant Death Syndrome)ဖြစ်စေနိုင်တဲ့ အန္တရာယ်အချက်ထဲမှာ ပါဝင်နေလို့ပါပဲ။ ဒါ့ကြောင့် သင့်တင့်တဲ့နွေးထွေးမှုကိုပေးနိုင်တဲ့ အဝတ်အထည်တွေကို မှန်ကန်စွာရွေးချယ်ဝတ်ဆင်ပေးဖို့ အရေးကြီးပါတယ်။

 

အပြင်ခေါ်သွားတိုင်း အပေါ်ထပ်အဝတ်အစားတွေ ယူသွားပါ

 

အပြင်ထွက်ကာစမှာ မအေးဘူးဆိုရင်တောင် ဘေဘီလေးအတွက် အနွေးထည်၊ ဦးထုပ် စတာတွေကမပါမဖြစ်ပါ။ ရာသီဥတုအပြောင်းအလဲက လူကြီးတွေအတွက်မသိသာပေမယ့် ကလေးတွေအတွက်တော့ သက်ရောက်မှုမြန်ဆန်နိုင်ပါတယ်။ နွေးနွေးထွေးထွေးဝတ်ပေးမယ်၊ အင်္ကျီလက်ရှည် ဘောင်းဘီရှည်ဝတ်ပေးမယ်၊ ခြေအိတ်၊ လက်အိတ်ဝတ်ထားမယ်၊ ဦးထုပ်လေးဆောင်းမယ်၊ အနွေးထည်က လိုလိုမည်မည်ဆောင်ထားမယ်ဆိုရင် လုံလောက်ပါပြီ။ သေးခံဝတ်ထားတယ်ဆိုဦးတော့ လိုအပ်လာရင်လဲပေးဖို့ အပိုအဝတ်အစားတွေလည်း ယူသွားသင့်တယ်နော်။

 

ရေးသားသူ Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”