ဘိုကလေး ၁၅ ဇန်နဝါရီ
မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား နိုင်ငံတကာအသိအမှတ်ပြု ဆောင်းခိုငှက်များ ထိန်းသိမ်းရေးနယ်မြေအဖြစ် အသိအမှတ်ပြုခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိုင်းက မြန်မာနိုင်ငံအနေဖြင့် ရာသီဥတု ညီညွတ်ကောင်းမွန်ခြင်း၊ သဘာဝအနေအထား ကောင်းမွန်ခြင်း၊ အစာရေစာ ပေါကြွယ်ဝခြင်းတို့ကြောင့် ရွှေ့ပြောင်းဆောင်းခိုငှက်များ လာရောက်ကြခြင်းဖြစ်၍ ဘေးကင်းလုံခြုံစွာ နေထိုင်ကျက်စားနိုင်ရန်နှင့် အဆိပ်အတောက်များ ကင်းစင်သည့် ရေထု၊ မြေထု၊ လေထုသန့်ရှင်းရေးအတွက် ပလစ်စတစ်များ၊ အညစ်အကြေးများနှင့် ဓာတုပစ္စည်းများ စွန့်ပစ်ခြင်းမပြုဘဲ ပူးပေါင်းပါဝင်ထိန်းသိမ်းပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် မိန်းမလှကျွန်း ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးဇော်ထူးအောင်တို့မှ သဘာဝပတ်ဝန်းကျင်နှင့် ငှက်ဇီဝမျိုးကွဲလုပ်ငန်းများနှင့် နိုင်ငံတကာ အသိအမှတ် ပြုခံရသည့် အာဆီယံ အမွေအနှစ်ဥယျာဉ် အရေးကြီးရေဝပ်ဧရိယာ၊ ဆောင်းခိုငှက်များ ထိန်းသိမ်းရေးဧရိယာ (Flyway Site Network) တိုးမြှင့်သတ်မှတ်ခံရခြင်းအပေါ် ဒေသခံများအနေဖြင့် ကျေးရွာအာဏာပိုင်များနှင့် ဆက်စပ်ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင် ထိန်းသိမ်းပေးကြရန် ဆွေးနွေးပြောကြားသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် NGO၊ INGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား (၂၀ဝ) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
MDN