ကိုကျော်စွာ(ကျိုက်ပိ)

 

ဆောင်းခိုငှက်များသည် နွေဦးရာသီနှင့် ဆောင်းရာသီရောက်တိုင်း သူတို့၏ပေါက်ပွားရာဒေသဖြစ်သည့် အေးမြသော ကမ္ဘာ့မြောက်ပိုင်းဒေသမှ ဆောင်းခိုရန်အတွက် ပူနွေးသောကမ္ဘာ့တောင်ဘက်ခြမ်းသို့ ရွှေ့ပြောင်းလာကြသည်။ အကြောင်းမှာ ထိုငှက်များကျက်စားရာ ကမ္ဘာ့မြောက်ဘက်ခြမ်းသည် အအေးစတင်ပြီး အစာရေစာရှားပါးလာခြင်းကြောင့်ဖြစ်သည်။ သို့သော်ရေပျော်ဆောင်းခိုငှက်များသည် စာရေးသူတို့ ဒေသသို့ ဆောင်းဦးရောက်စတွင် စတင်ဝင်ရောက်ကြသဖြင့် ဆောင်းခိုငှက်ဟု ခေါ်ကြဟန်တူသည်။ မိုးရာသီမိုးမစိုစေရန် ဝင်ရောက်နားခိုသည် ကို မိုးခိုသည်ဟုခေါ်ကြရာ အလွန်အေးသော ကမ္ဘာ့မြောက်ခြမ်း ဆောင်းရာသီကိုရှောင်၍ ကမ္ဘာ့တောင်ဘက်ခြမ်းသို့ ဝင်ရောက်လာသဖြင့် ဆောင်းခိုသည်ဟုလည်း ဆိုနိုင်ပါသည်။

 

အဆိုပါငှက်များ ကျက်စားပေါက်ပွားရာ မူရင်းဒေသဖြစ်သော ကမ္ဘာ့မြောက်ဘက်ခြမ်းသည် ဆောင်းဝင်လျှင် အလွန်အေးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းသို့ မိုင်ထောင်ချီပျံကာ ဆောင်းခိုကြဟန်တူသည်။ ဆောင်းခိုငှက်များသည် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ၎င်းတို့ ဆောင်းခိုမည့်ဒေသများသို့ ရောက်ရှိလာကြသည်။ နွေအကုန် မိုးအကူးဧပြီနှင့် မေလများတွင် နေရပ်သို့ ပျံသွားကြသည်။ ထို့ကြောင့် ဆောင်းခိုငှက်လေးများသည် ခေတ္တလာပြီး ပြန်သွားကြသည့် ဧည့်သည် ဆောင်းခိုငှက်ကလေးများ ဖြစ်ကြသည်။

 

ယခုဆို မုတ်သုံဆုတ်ခွာစပြုပြီး မိုးလည်းကုန်တော့မည်ဖြစ်သည်။ မိုးကုန်၍ မိုးမင်းက နေရာဖယ်ပေးရသလို ဆောင်းကလည်း သူ့တာဝန် သူ ထမ်းဖို့ နှင်းပုလဲပန်းများကို သယ်ဆောင်လာခဲ့ပြီဖြစ်သည်။ ရာသီ သုံးခုသည် သူ့တာဝန်နှင့်သူ ကိုယ်စီကိုယ်င တာဝန်ထမ်းကြခြင်း ဖြစ်သည်။ ယခုလည်း ဆောင်း၏တာဝန်ဖြစ်ပေသည်။ ယခုလည်း ဆောင်းစပြီး မအေးသေးသော်လည်း ရာသီကိုသိသော ဆောင်းခိုငှက် ကလေးများသည် ဆောင်းခိုရန် ပျံသန်းရောက်ရှိလာကြသည်။

 

ကမ္ဘာလှည့်ခရီးသွားငှက်များ

မိုးအကုန်၊ ဆောင်းအကူးမိုးလေကင်းသဖြင့် တိမ်ကင်းစင်သောရာသီချိန်၍ ကောင်းကင်ယံ၌ အုပ်စုဖွဲ့ ပျံသန်းနေကြသောငှက်များကို တွေ့ဖူးကြပေလိမ့်မည်။ အများအားဖြင့်တော့ ဆောင်းခိုငှက်များသည် ရေပျော် ငှက်မျိုးက များသည်။ အဆိုပါရေပျော်ငှက်များသည် အုပ်စုဖွဲ့ရွှေ့ပြောင်း နေထိုင်လေ့ရှိကြသည်။ တစ်နည်းအားဖြင့် ထိုရေပျော်ငှက်များကိုပင် ဆောင်းခိုငှက်ဟုခေါ်ရပေလိမ့်မည်။ ရေပျော်ဆောင်းခို ငှက်များသည် အကောင်ရာကျော်အထိ အုပ်စုဖွဲ့နေထိုင်ကျက်စားလေ့ရှိကြသည်။ နှစ်စဉ်နှစ်တိုင်း ဆောင်းရှိရာ  အရပ်ကို ပျံသန်းလေ့ရှိကြသည်။ ထိုကဲ့သို့ ပျံသန်းရာတွင် တောင်ဝင်ရိုးစွန်းကနေ မြောက်ဝင်ရိုးစွန်းအထိ တော အထပ်ထပ်၊ တောင် အသွယ်သွယ်၊ ပင်လယ်သမုဒ္ဒရာကိုဖြတ်၊ နေရာ တစ်နေရာမှတစ်နေရာ၊ နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ ဖြတ်ကျော်ပျံသန်း သွားလာကြရသည်။ ဆောင်းခိုငှက်ကလေးများကို ကမ္ဘာလှည့်ခရီးသွား ငှက်များဟုပင် တင်စားခေါ်ဝေါ်သင့်ပါသည်။  ထိုဆောင်းခိုငှက်များမှ တချို့သောမျိုးစိတ်များသည် မျိုးသုဉ်းလု အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်။ မျိုးသုဉ်းလာရခြင်းမှာ ငှက်လိုက်မုဆိုးတို့ လက်ချက်ကြောင့်ဖြစ်သလို ပြောင်းလဲလာသော ကမ္ဘာ့ရာသီဥတုဖြစ်စဉ်များကြောင့်လည်းဖြစ်သည်။ ထို့ပြင် နေထိုင်ကျက်စားရာ နေရာဒေသ နည်းပါးလားခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်လာခြင်းနှင့်  မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လာခြင်း၊ နေထိုင်ကျက်စားရာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ပြင် ဆောင်းခိုငှက်လေးများ နေထိုင်ကျက်စားရာနေရာသို့ အခြားအမဲလိုက်သားကောင်များ ဝင်ရောက်စားသုံး အမဲလိုက်ခံရခြင်းတို့ကြောင့်လည်း တချို့မျိုးစိတ်ဆောင်းခိုငှက်များ မျိုးသုဉ်းမှုအန္တရာယ် ရင်ဆိုင်လာရခြင်း ဖြစ်သည်။

 

 

ဆောင်းခိုငှက်များ ပျော်စံကျက်စားရာနေရာများစွာရှိ

စာရေးသူတို့နိုင်ငံသည် မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါများသဖြင့် နှစ်စဉ်ဆောင်းခိုငှက်များ လာရောက် ကျက်စားလေ့ရှိကြသည်။ ထို့ပြင် လတာပြင်များ၊ ရွှံ့ညွန်တောများ၊ ရေဝေဒေသများ ပေါများပါသည်။ ဆောင်းခိုငှက်များသည် တောတောင်အထပ်ထပ်၊ နိုင်ငံပေါင်းများစွာနှင့် ပင်လယ်သမုဒ္ဒရာတို့ကို ဖြတ်ကျော်ရင်း အနားယူရန်နှင့် အစာ စားသောက်ရန် မိမိတို့ပျံသန်းရာလမ်းကြောင်းရှိ လတာပြင်များ၊ ကမ်းခြေနှင့် မြစ်ကမ်းစပ်များ၊ ရေဝပ်ဒေသများ မရှိမဖြစ်လိုအပ်ပါသည်။ ထိုနေရာများသည် ဆောင်းခိုငှက်များအတွက် ခရီးတစ်ထောက်နားခိုရန်နှင့် အစာအာဟာရဖြည့်တင်းပြီး နောက်ခရီးအတွက် များစွာအထောက်အပံ့ ဖြစ်စေသည်။ ထို့ကြောင့် ငှက်ပျံသန်းရာ လမ်းကြောင်းကွန်ရက် နယ်မြေများ သတ်မှတ်ပေးခြင်းက ဆောင်းခိုငှက်များအတွက် အလွန်အရေးပါသလို နားခိုရန်နေရာနှင့် အစာရေစာ ထောက်ပံ့ပေးသောနေရာ လည်းဖြစ်ပေသည်။ စာရေးသူတို့နိုင်ငံတွင် ဆောင်းခိုငှက်များ ပျော်စံကျက်စားရာနေရာများစွာရှိပါသည်။ မိုးယွင်းကြီးအင်း၊ အင်းလေကန်ဒေသ၊ အင်းတော်ကြီးကန်၊ နံ့သာကျွန်းအဏ္ဏဝါအမျိုးသား ဥယျာဉ်၊ အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်ကဲ့သို့ အမျိုးသားဥယျာဉ်များ၊  ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကဲ့သို့ ဘေးမဲ့တောများ၊ ငှက်ပျံသန်းရာလမ်းကြောင်း  ကွန်ရက်နယ်မြေများ သတ်မှတ်ပေးထားသည့် နေရာများရှိပါသည်။ အဆိုပါ နေရာများသို့ နှစ်စဉ် ဆောင်းခိုရေပျော်ငှက်များ အကောင်းပေါင်းရာချီ၍ လာရောက် နေထိုင်ကျက်စားကြသည်။ ထို့ပြင် အခြားသော အမျိုးသား ဥယျာဉ်များ၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများ၊ ရေဝပ်ဒေသများနှင့် ငှက်ပျံသန်းရာလမ်းကြောင်း  ကွန်ရက်နယ်မြေသတ်မှတ်ထားသည့် နေရာများလည်း ရှိပါသေးသည်။

 

ငှက်ပျံသန်းရာလမ်းကြောင်း ကွန်ရက်နယ်မြေ ရှစ်ခုရှိ

မြန်မာနိုင်ငံတွင် ငှက်ပျံသန်းရာလမ်းကြောင်း ကွန်ရက်နယ်မြေ ရှစ်ခုရှိကြောင်းသိရသည်။ ရေပျော်ငှက် ဆိုသည်မှာ ရွှံ့ညွန်နှင့် လတာပြင်၊ သဲသောင်များနှင့် ရေဝပ်သောနေရာများ၌ သွားလာနေထိုင်သော ငှက်မျိုးကို ဆိုလိုသည်။ ဗျိုင်းကြီး၊ ဗျိုင်းအောက်၊ ငဟစ်ညို၊ ခရုစုတ်၊ ခရုတုတ်၊ ရေစစ်စလီ၊ ရေညှောင့်ကောင်၊ ကြိုးကြာခေါင်းနီ၊ တင်ကျီး၊ ကြာဖက်နင်း၊ မြီးညှောင့်ငှက် စသည်တို့ဖြစ်သည်။ ထိုငှက်များသည် အများအားဖြင့် ရေ၌ကျက်စားသော ငှက်များဖြစ်သလို ဆောင်းခိုငှက်များလည်းဖြစ်သည်။ အခြားသော ရေပျော်ဆောင်းခိုငှက်များလည်း အများ အပြားရှိပါသေးသည်။ မြန်မာနိုင်ငံတွင် ဆောင်းခိုမြီးညှောင့်ငှက် မျိုးစိတ် ခြောက်မျိုးခန့်ရှိပြီး ရေညှောင့်ငှက်မျိုးရင်းဝင် ၃၀ ခန့်ရှိသည်။ ကြာဖက်နင်းမျိုးရင်းဝင် နှစ်မျိုးရှိသည်။ မန္တလေးမြို့အနီးရှိ ဘနောအင်းအတွင်း တောငန်းများကျရောက်နေသည့် ဗီဒီယိုမှတ်တမ်းတစ်ခုကိုလည်း လူမှု ကွန်ရက်စာမျက်နှာတွင် မှတ်တမ်းတင်ထားသည်ကိုလည်း တွေ့လိုက်ရပါသေးသည်။  တောငန်းဆိုသည်မှာ ဆောင်းခိုငှက်တစ်မျိုးပင်ဖြစ်သည်။ မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ကျက်စားလေ့ရှိသည့်ငှက်တစ်မျိုး ပင်ဖြစ်သည်။

 

ဆောင်းခိုငှက်များသည်  ထူးခြားသော သွင်ပြင်လက္ခဏာများ ရှိတတ်ကြသည်။ ဥပမာ- နှုတ်သီးရှည်ခြင်း၊ ခြေတံရှည်ခြင်းစသည့် အချက်မျိုးကိုဆိုလိုသည်။ နှုတ်သီးရှည်ခြင်းက ရေနှင့် ရွှံ့ညွန်အတွင်းရှိ ခရုအစရှိသော အရာများကို အလွယ်တကူ ထိုးယူစားသောက်နိုင်ကြသည်။ ရှည်သောခြေချောင်းနှင့် ခြေတံများပါရှိခြင်းက ရွှံ့ညွန်အတွင်း သွားလာရာတွင် နစ်မြုပ်မနေစေရန်နှင့် ရွှံ့ညွန်ကဲ့သို့သောပျော့ပျောင်းသောနေရာတွင် ခိုင်မြဲစွာ ကုပ်တွယ်ထားနိုင်စေရန် ရှည်လျားသောခြေချောင်းများပါရှိသည်။ အခြားသော သားရဲတိရစ္ဆာန်များရန်မှ ကာကွယ်နိုင်စေရန် တချို့ကသဘာဝနှင့် လိုက်လျောညီထွေဖြစ်နိုင်စေရန် အရောင်များပါရှိသည်။ သဲသောင်များနှင့် ရေထဲ၊ ရွှံ့ညွန်ထဲသွားလာနိုင်စေရန် ရှည်လျားသော ခြေထောက်များပါရှိသည်။ ခရုစုတ်၊ ခရုတုတ်ကဲ့သို့ ရေပျော်ဆောင်းခိုငှက်မျိုးဖြစ်သည်။

 

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် တချို့သောဒေသငှက်မျိုးစိတ်များအပြင် အခြားသောမျိုးစိတ်များလည်း မျိုးသုဉ်းမှု အန္တရာယ်နှင့်ရင်ဆိုင် နေကြရသည်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်အောင်ကာကွယ်ပေးခြင်း၊ ရေပျော်ငှက်ကလေးများ နေထိုင်ကျက်စားရာ ဒေသများကို ကာကွယ်ပေးခြင်း၊ ဆောင်းခိုရေပျော်ငှက်များကို အမဲလိုက်ခြင်းမှ ကင်းဝေးစေရန် လူအများအား အသိပညာပေး ဟောပြောခြင်း၊ ဒေသဆိုင်ရာရှိ လူအများကိုလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် ပါဝင်လာအောင် စည်းရုံးခြင်း၊ ရေပျော်ငှက်များ ပျော်စံကျက်စားရာနေရာများကို ကာကွယ်ထိန်းသိမ်းပေးခြင်း၊ သတ်မှတ်ပေးခြင်းဖြင့် ဆောင်းခိုငှက်များ မျိုးသုဉ်းမှုအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။