ဖောင်းပြင် ၁၆ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆောင်းသီးနှံအဖြစ် ပဲမျိုးစုံအားစိုက်ပျိုးလျက်ရှိရာ နှစ်စဉ်နှစ်တိုင်းဈေးကောင်းရနေပြီး အထွက်နှုန်းကောင်းသည့် မြေထောက်ပဲများကို ပိုမိုစိုက်ပျိုးနေကြကြောင်း ပိုးစာကုန်းကျေးရွာနေ ပဲစိုက်တောင်သူတစ်ဦးက ပြောကြားသည်။

 

"နှစ်တိုင်းကတော့ မြေပဲ၊ ပုဂံပဲ၊ ပဲယင်း၊ ပဲစာလုံးနဲ့ မြေထောက်ပဲတို့ကို စိုက်လာတာပါ။ ပြီးခဲ့တဲ့နှစ်တွေကတော့ မြေထောက်ပဲကဈေးကောင်းရတယ် ပြီးတော့ အထွက်နှုန်းလည်း ကောင်းတော့ ဒီနှစ်ပိုစိုက်ထားပါတယ်။ ဒီနှစ်တော့ ဧက(၅၀) ကျော်လောက်အထိ စိုက်မယ်လို့ဗျ။ တစ်ဧကကို ပျမ်းမျှတင်းရေ(၂၅)တင်းဝန်းကျင်တော့ ထွက်တယ်။ ဈေးကတော့ ပြီးခဲ့တဲ့နှစ်က နှစ်သောင်းရှစ်ထောင်၊ သုံးသောင်းဝန်းကျင်တော့ ရောင်းရတယ်။ ဒီနှစ်လည်း ဈေးကောင်းရမယ်လို့ထင်တာပဲ။ ကျွန်တော်တို့က ခန့်မှန်းပြီးစိုက်နေရတာပါ ဈေးကွက်ပျက်မှာတော့ စိုးရိမ်တယ်ဗျ။ မုံရွာမြို့ကပွဲရုံတွေနဲ့ ချိတ်ဆက်ပြီး ပဲဈေးအနေအထားကိုမေးပြီးစိုက်နေရတာပါ။ နိုင်ငံတော်က ပဲဈေးကွက်ကို နှစ်စဉ်နှစ်တိုင်း တည်ငြိမ်အောင် ဆောင်ရွက် ပေးနိုင်ရင်တော့ ကျွန်တော်တို့တောင်သူတွေအနေနဲ့ ကိုယ်စိတ်ကြိုက်ပဲတွေကို စိုက်ပျိုးနိုင်ရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပဲမျိုးစုံစိုက်တာ စုစုပေါင်းတင်းရေ (၇၀ဝ)ကျော်တယ်။ ဈေးကွက်တည်ငြိမ်လို့ ခုလိုမြေထောက်ပဲကို စိုက်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်တွေထက် ပဲထွက်နှုန်းပိုလာမှာပါ"လို့ တောင်သူ ဦးအောင်ဝေက ပြောကြားခဲ့သည်။

 

ကိုထွန်း(ဖောင်းပြင်)