မြင်းမူ၊ ၁၀  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်ရှိ ဒေသခံတောင်သူများအနေဖြင့် ယခုနှစ် အောက်တိုဘာလမှစ၍ မိမိရေမြေနှင့် ကိုက်ညီသည့် ဆောင်းသီးနှံများကို ရွေးချယ်စိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ သီးနှံအထွက်နှုန်း ကောင်းမွန်ရေးနှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယခင်နှစ်မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် မိုးသီးနှံ စိုက်ပျိုးထွက်ရှိမှုမှာ ပုံမှန်သာရရှိခဲ့၍ ဆောင်းသီးနှံ စိုက်ပျိုးခြင်းကို ဒေသခံတောင်သူများက ပိုမိုစိုက်ပျိုးလာပြီး စိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်းမွန်ရေးနှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တောင်သူစိုက်ကွင်းများအရောက်  သွားရောက်ကာ ပိုးမွှားနှိမ်နင်းနည်းများ၊ သဘာဝပိုးသတ်ဆေးရည်များ၊ သဘာဝအားဆေးရည်များနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနိုင်ရေးတို့အတွက် လက်တွေ့ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမြင့်သိန်းထံမှ သိရသည်။

 

 

မြင်းမူမြို့နယ်တွင် ဆောင်းသီးနှံများဖြစ်သည့်  ကုလားပဲ၊   မတ်ပဲ အပါအဝင် ပဲမျိုးစုံ ၃၆၄၀၇ ဧက၊ ဆီထွက်သီးနှံဖြစ်သည့်  ဆောင်းနှမ်း၊  ဆောင်းမြေပဲ အပါအဝင်  ၈၃၀၅၅ ဧက၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အခြားစားဖိုဆောင်သုံး သီးနှံ  ၂၅၆၅ ဧကနှင့်   အခြားသီးနှံများ ၃၇၁၂၆ ဧက အပါအဝင် ဆောင်းသီးနှံမျိုးစုံ ၁၅၉၁၈၅ ဧကကို စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်စိုးဖေ(မြင်းမူ)