တီးတိန် ၇ ဇန်နဝါရီ   


ခရီးသွားလာမှု ပိုမိုများပြားသည့် ပွင့်လင်းရာသီကာလ ဆောင်းရာသီအတွင်း ချင်းပြည်နယ်တွင် ကားလမ်းတစ်လျှောက် ဆီးနှင်းများကျဆင်းနေမှုနှင့် မြူမှိုင်းများ ထူထပ်နေမှုတို့ကြောင့် လမ်းမြင်ကွင်းပျောက်ပြီး အန္တရာယ်များ ဖြစ်ပေါ်တတ်သဖြင့် ချင်းတောင်သွားလမ်းပေါ်တွင် ပြေးဆွဲနေကြသော ခရီးသည်တင်ကားကြီး၊ ကားငယ် ယာဉ်မောင်းများ အနေဖြင့် သတိထား မောင်းနှင်ကြရန်လိုအပ်ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

 

road


“နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းကာလ ချင်းတောင်ပေါ်မှာ ဆီးနှင်းတွေကျဆင်းသလို ကားတွေမှာလည်း နှင်းခွဲမီးပါပေမယ့် အဝေးကြီး လှမ်းမမြင်ရဘူး။ ယာဉ်တစ်စီးနဲ့တစ်စီး အနီးကပ် ရောက်မှ ရုတ်တရက် မြင်ရတယ်။ အဓိကတော့ ဆိုဇန်ကျေးရွာအနီး ဆောင်းပီးလမ်းခွဲ တစ်လျှောက်၊ အာလွယ်ကျေးရွာတစ်လျှောက်နဲ့ သိုင်းငင်းကျေးရွာ အောက်ဘက်တစ်လျှောက် တွေဆိုရင် ဆီးနှင်းမြူမှိုင်းတွေ တော်တော်ဆိုးရွားပါတယ်။ ဒီရာသီမှာ ချင်းတောင် တက်ကားတွေ အနေနဲ့ကတော့ သတိထားသွားလာတာ အကောင်းဆုံးပဲ” ဟု တီးတိန်မြို့ခံ ခရီးသွားပြည်သူတစ်ဦးက ပြောသည်။


ချင်းတောင်ခြေရှိ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းတောင်ခရီးစဉ်တွင် ယခင်က ကလေး စက်မှုဇုန်ထုတ် ဟိုင်မွာလ်ဂျစ်ကားများမှာ မိုးတွင်းကာလများပါ ပြေးဆွဲခဲ့ရာမှ ယခု နောက်ပိုင်းတွင်မူ ဂျပန်နိုင်ငံ ထုတ်နှင့်ဥရောပနိုင်ငံထုတ်မော်တော်ကားများဖြစ်သည့် မီနီဘတ်စ်ကားများ၊ ခြောက်ဘီးကားနှင့် ၁၀ ဘီးကားများပါ ပြေးဆွဲလာကြသည့်အပြင် လူစီးသီးသန့်ဇိမ်ခံကားများဖြင့် ပွင့်လင်းရာသီတွင် ပြေးဆွဲမှုများပြားလာခြင်းတို့ကြောင့် လူစီးသီးသန့် ဟိုင်မွာလ်ဂျစ်ကားများမှာမူ စီးနင်းလိုက်ပါသူနည်းပါးသွားပြီး ကုန်စည်များကိုသာ အဓိက တင်ဆောင်၍ ပြေးဆွဲလာရကြောင်း ချင်းတောင်တန်းယာဉ်လိုင်းမှ ယာဉ်မောင်းကိုခိုင်ပူက ပြောသည်။


ချင်းတောင်ပေါ်သွားကားလမ်းများသည် အောက်ခံမြေသားကြံ့ခိုင်မှုအားနည်းပြီး သက်နု မြေသားဖြစ်၍ မိုးရာသီဆိုလျှင် မကြာခဏတောင်ပြိုလမ်းပြိုကျမှုများသည့်အတွက် နှစ်စဉ်တောင်ပေါ် လမ်းအဆင့်မြှင့်တင်ရေး လမ်းမြေသားများ ချဲ့ထွင်ပြုပြင်ရသည့် နေရာများသည့်အပြင် အချို့နေရာများတွင် ကားလမ်းကျဉ်းမြောင်းခြင်း၊ ကားလမ်းပေါ်တွင် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး မြေအစိုဓာတ်ကြောင့် မြေသားနိမ့်ကျမှုရှိခြင်း၊ မိုင်ရှည် ရွှံ့ဗွက်များပြည့်နှက်၍ ဗွက်ရုန်း သွားလာနေရသည့်အတွက် ခရီးသွားပြည်သူများမှာ ခရီးစဉ်ကြန့်ကြာမှု အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသည့်အပြင် ချင်းတောင်တက် ယာဉ်လိုင်းများမှာ ဂရုတစိုက် မောင်းနှင်ခဲ့ရပြီး ယခုဆောင်းရာသီ ကာလတွင်လည်း နှင်းများ ကျဆင်းနေမှုကြောင့် ယာဉ်မောင်းနှင်သူများ အနေဖြင့် သတိနှင့်ယှဉ်၍ မောင်းနှင်ရန်မှာ အထူးအရေးကြီးကြောင်း ဒေသခံခရီးသွား တိုင်းရင်းသား ပြည်သူများ၏ ပြောပြချက်အရ သိရသည်။


နေစု(ချင်းရိုးမ)