စစ်ကိုင်း ၁၈ နိုဝင်ဘာ
စစ်ကိုင်းမြို့တွင် ခေါစည်(ခေါပုတ်)လုပ်ငန်းကို ရာသီအလိုက် လုပ်ကိုင်ရောင်းချလျက်ရှိရာ လက်ရှိကာလ ဆောင်းဝင်ခါနီးအချိန် ခေါစည်များ တွင်ကျယ်စွာ ပြုလုပ်ရောင်းချနေရကြောင်း ခေါစည်ပြုလုပ်ရောင်းချသူတစ်ဦးထံမှ သိရသည်။
ခေါစည်လုပ်ငန်းတွင် ကောက်ညှင်းကုန်ကြမ်းကို အဓိက အသုံးပြုကြပြီး အများစုမှာ ငချိတ် ကောက်ညှင်းနှင့် ကောက်ညှင်းဖြူကို အသုံးပြုကြသည်။ ခေါစည်(ခေါပုတ်)လုပ်ကိုင်ရာတွင် အမဲနှင့် အဖြူစပ်ကြား ပြုလုပ်ရောင်းချရသည်။
ခေါစည်(ခေါပုတ်)လုပ်ငန်းတွင် ပထမဦးစွာ ကောက်ညှင်းကိုရေဆေးပြီး နာရီပိုင်းအတွင်းရေစိမ်ကာ ပေါင်းအိုးအတွင်း ပေါင်းကြရသည်။ ကောက်ညှင်းပေါင်းရာတွင် အမဲတစ်အိုး၊ အဖြူတစ်ဦး သီးသန့်ပေါင်းကာ စက်ဖြင့်ကြိတ်ရသည်။ စက်ဖြင့်ကြိတ်ပြီးသည်နှင့် ထောင်းကြရသည်။ စက်ဖြင့်ကြိတ်ပြီးသည့် ကောက်ညှင်းများကို ထောင်းပြီးသည်နှင့် ခေါစည် ကုန်ကြမ်းရရှိသည်။ ခေါစည်ကုန်ကြမ်း အဖြူနှင့်အမဲကို အပြားပြုလုပ်ကာ ထပ်လိုက်ခြင်းဖြင့် အဖြူအမဲစပ်ကြား ခေါစည်များရရှိသည်။
ရရှိလာသော ခေါစည်ကို အဝိုင်းကလေးများ ပြုလုပ်ခြင်း၊ ၂၅ ကျပ်သား အပြားပြုလုပ်ခြင်းများကို ပြုလုပ်ကာရောင်းချကြသည်။ လက်ရှိကာလ ခေါစည်(ခေါပုတ်) တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ဖြင့်ရောင်းချကြသည်။ ကောက်ညှင်းဈေး အတက်အကျ ခေါစည်(ခေါပုတ်) ဈေးကွက်အပေါ်မူတည်ကာ ခေါစည်ဈေး အတက်အကျရှိသည်။ ကောက်ညှင်းတစ်တင်းကို ခေါစည်ပြုလုပ်ပါက ပိဿာ(၃၀)ကျော်ရရှိပြီး တစ်နှစ်လျှင် ရာသီချိန် သီတင်းကျွတ်လမှ တပို့တွဲလအထိ ငါးလသာ တွင်ကျယ်စွာပြုလုပ်ရောင်းချကြသည်။ ရာသီချိန်တွင် တစ်နေ့လျှင် ကောက်ညှင်းတစ်တင်းခွဲဝင် အိတ်(၁၀)အိတ်ကျော် ပြုလုပ်ပြီး တစ်ရာသီလျှင် တစ်တင်းခွဲဝင် အိတ် ၈၀၀ ကျော် ပြုလုပ်ရကြောင်း သိရသည်။
တိမ်တမန်


