ဝေယံဦး

ရန်ကုန်မြို့ဟာ လူဦးရေ များပြားလာတာနဲ့အမျှ အဲဒီပြည်သူတွေရဲ့ ကျန်းမာရေး ကောင်းမွန်အောင် ကုသပေးမှု၊ ပံ့ပိုးပေးမှု၊ အသိပညာဗဟုသုတတွေ ရရှိအောင် မျှဝေပေးမှုနဲ့ ကိုယ်တိုင်လိုက်နာကျင့်သုံး နိုင်အောင် စည်းရုံးနှိုးဆော်မှုတွေ ဆောင်ရွက်ပေးနေပါတယ်။ ရန်ကုန်မြို့နေ ပြည်သူတွေ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် ဆောင်ရွက်မှုတစ်ရပ်အဖြစ် ကျောက်တံတားမြို့နယ်ကို ဆေးလိပ်ငွေ့ကင်းစင်တဲ့ မြို့နယ်တစ်မြို့နယ်အဖြစ် အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။

ငါးမြို့နယ်ဆေးလိပ်ငွေ့ ကင်းစင်ရေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ မြို့နယ် ပေါင်း ၃၃ မြို့နယ်မှာ ဆေးလိပ်ငွေ့ကင်းစင်အောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခု ဆိုရင် ကျောက်တံတားမြို့နယ်မှာ ဆေးလိပ်ငွေ့ ကင်းစင်တဲ့ မြို့နယ်အဖြစ် အကောင်အထည်ဖော် နေပြီဖြစ်ပါတယ်။ ကျောက်တံတားမြို့နယ်ပြီးရင် ရန်ကုန်မြို့တွင်း ငါးမြို့နယ်မှာလည်း ဆေးလိပ်ငွေ့ ကင်းစင်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်သှူကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က မြန်မာ့အလင်းကို ပြောကြားပါတယ်။

ကျောက်တံတားမြို့နယ်အတွင်းမှာ အစိုးရရုံး အဆောက်အအုံတွေနဲ့ ပန်းခြံ၊ ဟိုတယ်၊ ကျောင်း၊ စီးပွားရေး အဆောက်အအုံတွေဟာ စုစုပေါင်း ၅၀ဝ ခန့်ရှိနေပါတယ်။ အဲဒီနေရာတွေမှာ ဆေးလိပ် မသောက်ရနယ်မြေတွေ၊ ဧရိယာတွေ သတ်မှတ်ထားပြီး သတိပေးဆိုင်းဘုတ်တွေ၊ စာတန်းတွေလည်း တပ်ဆင်ပေးထားပါတယ်။ အများပြည်သူ ဝင်ထွက်သွားလာနေတဲ့ ဈေး၊ ဆေးရုံ၊ ဘုရား၊ ပန်းခြံ၊ လေအေးစက်တပ်ထားတဲ့ ခန်းမတွေမှာ ဆေးလိပ်မသောက်ရ ဧရိယာအဖြစ် သတိပေး စာတန်းများ ထားရှိခြင်းတွေလည်း ဆောင်ရွက် ထားပါတယ်။

တာဝန်ရှိသူတွေကလည်း ဆေးလိပ်မသောက်ရေး ဝိုင်းဝန်းကြီးကြပ်

ဒီလိုဆေးလိပ်ငွေ့ကင်းစင်ရေး မြို့နယ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ စတဲ့ အလွှာပေါင်းစုံက တာဝန်ရှိသူတွေ ပူးပေါင်းပါဝင် ဆောင်ရွက်ရမှာ ဖြစ်တာမို့ နိုးနိုးကြားကြား တက်တကြွကြွနဲ့ သတ်မှတ်ကာလအတွင်း အောင်မြင်မှုရအောင် ဝိုင်းဝန်းစွမ်းဆောင် ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအဆောက်အအုံ၊ ဧရိယာ၊ နယ်မြေနဲ့ သတ်မှတ်နေရာတွေရဲ့ တာဝန် ရှိသူတွေကလည်း ဆေးလိပ်မသောက်ရေး ဝိုင်းဝန်း ကြီးကြပ်ကြရမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ မြို့နယ် ၃၃ မြို့နယ်မှာ လာမယ့်ငါးနှစ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်တဲ့ မြို့နယ်တွေ ဖြစ်လာအောင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီနဲ့ ကျွန်တော်တို့ ညှိနှိုင်းထားပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ်မှာ ရန်ကုန်မြို့တစ်ခွင် ဆေးလိပ်ငွေ့ကင်းစင်အောင် ကြိုးစားသွားဖို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်” ဟု ဒေါက်တာ သန်းစိန်က ပြောပါတယ်။

ဒီလိုဆောင်ရွက်တဲ့အခါ မြို့နယ်အုပ်ချုပ်ရေးမှ တာဝန်ရှိသူတွေ၊ အစိုးရနဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ စုပေါင်းပြီး လူထုလှုပ်ရှားမှု သဏ္ဌာန်အဖြစ် ဖော်ဆောင်မှုတွေကိုလည်း ပြုလုပ်လျက် ရှိပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်က ကျောက်တံတားမြို့နယ် မဟာဗန္ဒုလပန်းခြံမှာ ကျောက်တံတားမြို့နယ် ဆေးလိပ်ငွေ့ကင်းစင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အသိပညာပေးမှုတွေကတစ်ဆင့် ပြည်သူများအကြား ဆေးလိပ်မသောက်ရေးအသိ ပိုမိုကျယ်ပြန့်စွာ စိမ့်ဝင်ရောက်ရှိနိုင်ရေးလည်း ဆောင်ရွက်နေတာမို့  ထိရောက်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

သောက်သုံးမှုလျော့ကျသွား

ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထုပ်ပိုးခြင်းများတွင် ကျန်းမာရေး သတိပေးရုပ်ပုံနဲ့ စာသားတံဆိပ် ရေးသားခြင်းဆိုင်ရာများနှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တဲ့အတွက် ဆေးလိပ်သောက်သုံးသူတွေ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်တွေကြောင့် သောက်သုံးမှု လျော့ကျသွားပါတယ်။ ဒါ့အပြင် ဆေးလိပ်ကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေလည်း မရှိသလောက်ဖြစ်သွားတာမို့ ဒါဟာ ထိရောက်မှုရှိခဲ့တာ အမှန်ပါပဲ။

အခုဆိုရင် ကျောက်တံတားမြို့နယ် အပါအဝင် ရန်ကုန်မြို့ မြို့နယ်များမှာ ဆေးလိပ်၊ စီးကရက် ကြော်ငြာဆိုင်းဘုတ်တွေ မရှိသလောက် ဖြစ်သွားတာ သတိပြုမိစရာ ကောင်းတဲ့အထိ ထိရောက်ခဲ့ပါတယ်။ စီးကရက်ဘူးရဲ့ မျက်နှာပြင် နှစ်ဖက်စလုံး ကင်ဆာရောဂါ ဖြစ်ပွားနေတဲ့ပုံ ထည့်သွင်းဖော်ပြထားခြင်းဟာ ဆေးလိပ်သောက်မှုကို အတိုင်းအတာတစ်ရပ်အထိ လျော့ကျစေခဲ့ပါတယ်။

 

mdn

 

ရှေ့ပြေးစီမံကိန်းမြို့နယ်အဖြစ် ဆောင်ရွက်နေ

ရန်ကုန်မြို့မှာ ဆေးလိပ်ငွေ့ကင်းစင်ရေး မြို့နယ်တွေ ထွက်ပေါ်လာစေဖို့နဲ့ လာမယ့် ၂၀၂၂ ခုနှစ် ကုန်မှာ ဆေးလိပ်ငွေ့ ကင်းစင်တဲ့ မြို့နယ်ပေါင်း ၃၃ မြို့နယ် ဖြစ်ပေါ်လာစေရေး ရည်မှန်းပြီး ကျောက် တံတားမြို့နယ်ကို ရှေ့ပြေးစီမံကိန်းမြို့နယ်အဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပထမဆုံး အကောင်အထည်ဖော်တဲ့ မြို့နယ်ဖြစ်တာမို့ အားသာချက်၊ အားနည်းချက်တွေ၊ လိုအပ်ချက်နဲ့ ထပ်မံအားဖြည့်ဆောင်ရွက်ရမယ့် အတိုင်းအတာကို သိရှိစေမှာ ဖြစ်ပါတယ်။

၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွား

ဆေးလိပ်ငွေ့ ကင်းစင်ရေးအတွက် ဆေးလိပ်သောက်ခွင့်မရှိတဲ့ နေရာတွေကို သတ်မှတ်ထားရာ မှာတော့ ဆေးရုံပရဝဏ်၊ ဆေးကုဂေဟာများနဲ့ ဆေးခန်းတွေ၊ အားကစားရုံနဲ့ အမိုးအကာရှိတဲ့ အားကစားကွင်းတွေ၊ ကလေးကစားရုံနဲ့ ကစား ကွင်းတွေ၊ စာသင်ကျောင်းပရဝဏ်အတွင်းနဲ့ ကျောင်းနဲ့ အနည်းဆုံး မီတာ ၁၀ဝ အကွာအဝေး၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နဲ့ သိပ္ပံတို့ရဲ့ သင်ကြားရေး အဆောက်အအုံ၊ စာသင်ခန်းနဲ့ ရုံးခန်းတွေ၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗီဒီယိုနဲ့ အခြားပွဲများ ကျင်းပရာ အဆောက်အအုံတွေ၊ ကုန်တိုက်၊ ကုန်ပဒေသာဆိုင်၊ စတိုးဆိုင်နဲ့ ဈေးရုံတွေ၊ ပြတိုက်၊ မော်ကွန်းတိုက်၊ အများပြည်သူသုံးစာကြည့်တိုက် နဲ့ စာဖတ်ခန်းတွေ၊ ဓာတ်လှေကားနဲ့ ရွေ့လျားဓာတ်လှေကားတွေ၊ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်တွေ၊ လေအေးစက်တပ်ဆင်တဲ့ အများပြည်သူသုံးအခန်းတွေ၊ ရုံးဌာနတို့ရဲ့ အဆောက်အအုံတွေ၊ စက်ရုံ၊ အလုပ်ရုံတွေ၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနဲ့ တည်းခိုရိပ်သာတွေ၊ ဘူတာရုံ၊ သင်္ဘောဆိပ် စတဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးခွင့် တားမြစ်ထားမှာ ဖြစ်ပါတယ်။ ကျောက်တံတားမြို့နယ် အတွင်းမှာရှိတဲ့ အဲဒီနေရာတွေမှာ ဆေးလိပ်မသောက်ရ သတ်မှတ်ထားတာမို့ လောလောဆယ်မှာ ဆေးလိပ် သောက်သုံးမှု ၃၀ ရာခိုင်နှုန်းအထိ ကျဆင်း သွားတယ်လို့ ဒေါက်တာသန်းစိန်က ပြောပါတယ်။

ဆေးလိပ်ငွေ့ကင်းစင်ရေး အကောင်အထည်ဖော်ရာမှာ တိုင်းဒေသကြီးအစိုးရရော၊ မြို့နယ်စည်ပင်ရော၊ ဆက်စပ်ဌာနတွေရော၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေပါ ပူးပေါင်းပါဝင်ရင် အဲဒီနယ်မြေတွေမှာ ဆေးလိပ်သောက်သုံးမှု ၈၀ ရာခိုင်နှုန်းအထိ လျော့ကျသွား တယ်ဆိုရင် ကျွန်တော်တို့ မျှော်မှန်းချက်က အောင်မြင်မှုရတယ်၊ အကျိုးကျေးဇူးသိသာစွာ ရရှိတယ်လို့ ဆိုရမှာပါ”ဟု ၎င်းက ပြောပါတယ်။ဒါဆိုရင် ရန်ကုန်မြို့ဟာ ဆေးလိပ်ငွေ့ကင်းစင်တဲ့ မြို့ကြီးတစ်မြို့အဖြစ် ရောက်ရှိနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မြန်မာ့အလင်း