၁၅ ဇွန်
အဆုတ်၏ အဓိကလုပ်ဆောင်ချက်မှာ ခန္ဓာကိုယ်တစ်ခုလုံး ရှင်သန်မှုအတွက် အရေးပါသော အောက်စီဂျင်ဓာတ်ကို လေထဲမှ သွေးထဲသို့ ပို့ဆောင်ပေးပြီး ခန္ဓာကိုယ်ကလာပ်စည်း (ဆဲလ်)များက စွန့်ထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို သွေးထဲမှ လေထဲသို့ စွန့်ထုတ်နိုင်ရန် ဆောင်ရွက်ပေးသည်။ ထို့အပြင် ခန္ဓာကိုယ်အတွင်းသို့ အသက်ရှူလမ်းကြောင်းမှ ဝင်ရောက်လာသော အန္တရာယ်ဖြစ်စေသည့် အမှုန်အမွှား၊ ပိုးမွှားများကို ချောင်းဆိုး၍သော်လည်းကောင်း၊ နှာချေခြင်း အားဖြင့်လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်လည်း ကောင်းအဆုတ်မှ ပြန်လည်စွန့်ထုတ်ပစ်ပေးသည်။
သက်ရှူ အဖွဲ့အစည်းတွင် နှာခေါင်း၊ နှာခေါင်းပတ်လည်ရှိ လေအိတ်(Sinus)များ၊ ပါးစပ်၊ လည်ချောင်း၊ လေပြွန် (Trachea)၊ လေပြွန်ချောင်း(Bronchus)၊ လေပြွန်ချောင်းငယ်များ(Bronchioles)နှင့် နောက်ဆုံး Alveolus ခေါ် လေအိတ်ငယ်ကလေးများဖြင့် ဖွဲ့စည်းထားသည်။ လူ၏အဆုတ်တွင် လေအိတ်ငယ် Alveolus ပေါင်း သန်း ၄၈၀ ခန့် ပါဝင်သည်။ ၎င်းလေအိတ်များ၏နံရံတွင် သွေးကြောမျှင် (Capillaries)များ တည်ရှိပြီး လေထဲမှ အောက်ဆီဂျင်နှင့် သွေးထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို လဲလှယ်ပေးသည်။ အဆုတ်သည် အသက် ၂၀-၂၅ နှစ်အရွယ်တွင် အကြီးထွားဆုံး အဆင့်သို့ ရောက်ရှိပြီး အသက် ၃၅ နှစ် နောက်ပိုင်းတွင် လုပ်ဆောင်ချက်စွမ်းရည် တဖြည်းဖြည်း လျော့နည်းသွားသည်။
ဆေးလိပ်ငွေ့သည် ကျန်းမာရေးအတွက်အန္တရာယ်
လူတစ်ဦးသောက်လိုက်သော စီးကရက်အငွေ့တွင် အဆိပ်အတောက်ဖြစ်စေသည့် ဓာတုဗေဒပစ္စည်း ၇၀ဝ၀ ကျော် ပါဝင် သည်။ ၎င်းတွင် အနည်းဆုံး ပစ္စည်းအမျိုး ၇၀ မှာ ကင်ဆာ ဖြစ်စေသည်။ ၎င်းတို့သည် ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်း အဖွဲ့အစည်းအားလုံးနီးပါးကို ပျက်စီးစေသည်။ စီးကရက်အငွေ့တွင် စွဲလမ်းစေသော နီကိုတင်းဓာတ် ပါဝင်သည်။ ခန္ဓာကိုယ်ကို ပျက်စီးမှုအများဆုံးဖြစ်စေသော ၎င်းတွင်ပါဝင်သည့် ပစ္စည်းများမှာ -
ကတ္တရာဓာတ်(Tar)
ဆေးလိပ်ငွေ့၏ ပျံ့လွင့်နေသော အမှုန်အမွှားများကို စုစည်းခေါ်ဆိုသည်။ ၎င်းအမှုန်များတွင် ကင်ဆာဖြစ်စေသော ဓာတု ပစ္စည်းများစွာ ပါဝင်သည်။ ကတ္တရာဓာတ်အမှုန်များသည် စေးကပ်၍ အညိုရောင်ရှိပြီးသွားများ၊ လက်ချောင်းများနှင့် အဆုတ်ကို အရောင်စွဲစေသည်။
ကာဗွန်မိုနောက်ဆိုက် (Carbon monoxide)
အနံ့မရှိပါ။ များစွာရှူမိပါက သေစေနိုင်သည်။ သွေးတွင်ပါဝင်သော သွေးနီဥသည် အောက်စီဂျင်ဓာတ်ကို ခန္ဓာကိုယ် တစ်ခုလုံးသို့ သယ်ဆောင်ပေးသည့် ဟေမိုဂလိုဘင်ဓာတ် ပါရှိသည်။ ကာဗွန်မိုနောက်ဆိုက်သည် အောက်ဆီဂျင်ထက်ပို၍ ဟေမိုဂလိုဘင်ကို တွယ်ကပ်နိုင်သည့် အစွမ်းသတ္တိရှိသည်။ ခန္ဓာကိုယ်အတွင်း ကာဗွန်မိုနောက်ဆိုက် များလာသည့်အခါ အောက်စီဂျင်သယ်ပို့မှု လျော့နည်းလာရာ ခန္ဓာကိုယ်က အောက်စီဂျင်လုံလုံလောက်လောက် ရရှိနိုင်ရန် သွေးနီဥများကို များပြားစွာ ထုတ်လုပ်ရသည်။ ထို့ကြောင့် သွေးသည် ပျစ်လာပြီး သွေးခဲမှုကို အားပေးသည်။ သွေးခဲပါက သွေးကြောများ ပိတ်ဆို့ပြီး အရေးပါသော ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးနိုင်သည်။
ဟိုက်ဒရိုဂျင်ဆိုက်ယာနိုက် (Hydrogen Cyanide)
အဆုတ်၏လေပြွန်တစ်လျှောက် လေပြွန်၏ အတွင်းမျက်နှာပြင်တွင် အလွန်သေးငယ်သော Cilia ခေါ် အမျှင်ကလေးများ ပါရှိသည်။ ၎င်းအမျှင်ကလေးများသည် ပိုးမွှားများ၊ ဘက်တီးရီယားများ၊ အခြားပြင်ပမှဝင်ရောက်လာသော အမှုန်အမွှား များကို အပြင်သို့ ဖယ်ထုတ်ပေးသည်။ ဟိုက်ဒရိုဂျင် ဆိုက်ယာနိုက်သည် ၎င်းလုပ်ငန်းစဉ်ကို ကောင်းစွာမလုပ်နိုင်အောင် အဟန့်အတားဖြစ်စေသဖြင့် အဆိပ်အတောက် ဓာတုပစ္စည်း စသည်တို့ကို အဆုတ်အတွင်း စုပုံလာစေသည်။
အောက်စီဂျင်နှင့် ဓာတ်ပြုလွယ်သော ဓာတုပစ္စည်းများ (Oxidizing Chemicals)
Free Radicals များအပါအဝင် အလွန်ဓာတ်ပြုလွယ်သော ဓာတုပစ္စည်းများသည် နှလုံးကြွက်သားများ၊ သွေးကြောများကို တိုက်ရိုက်ပျက်စီးစေသည်။ ၎င်းတို့သည် ကိုလက်စထရော(Cholesterol)နှင့် ဓာတ်ပြုကာ သွေးကြောနံရံများ တွင် အဆီများဖုံးလွှမ်းစေပြီး နှလုံးရောဂါ၊ သွေးကြောကျဉ်းရောဂါနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေသည်။
သတ္တုဓာတ်များ(Metals)
ဆေးလိပ်တွင် အာဆင်းနစ်၊ ကက်ဒ်မီယံ(Cadmium)၊ ခဲ စသောအန္တရာယ်သတ္တုများ ပါဝင်သည်။ များစွာသော သတ္တုများသည် ကင်ဆာရောဂါ ဖြစ်စေသည်။
ရေဒီယို သတ္တိကြွပစ္စည်းများ
ဆေးလိပ်ငွေ့တွင် ကင်ဆာရောဂါဖြစ်စေသည့် ရေဒီယို သတ္တိကြွပစ္စည်း(Radioactive Compounds)များ ပါဝင်သည်။
ဆေးလိပ်သောက်ခြင်းနှင့် အဆုတ်ကြီးထွားမှု
ကိုယ်ဝန်ဆောင်မိခင် ဆေးလိပ်သောက်လျှင် သို့မဟုတ် ဆေးလိပ်ငွေ့ရှူရှိုက်မိလျှင် စီးကရက်အငွေ့တွင်ပါသော ခဲ၊ နီကိုတင်း၊ ဆိုက်ယာနိုက်၊ ကက်ဒ်မီယံ၊ မာကျူရီ၊ ကာဗွန်မို နောက်ဆိုက်နှင့် Polycyclic Aromatic Hydroc arbons(PAHs) စသည့် များစွာသော ဓာတုပစ္စည်းများသည် အချင်းနှင့် ချက်ကြိုးကို ဖြတ်သန်းသွားပြီး ကြီးထွားဆဲ သန္ဓေသားအား အဆိပ်အတောက်ဖြစ်စေသည်။ ကာဗွန်မိုနောက်ဆိုက်ဓာတ်သည် ဟေမိုဂလိုဘင်နှင့် ပေါင်းစည်းရန် အောက်စီဂျင်ထက် အဆ ၂၀ဝ ပိုသော အစွမ်းရှိရာ သန္ဓေသားအတွက် အောက်ဆီဂျင်ရရှိမှု နည်းပါးစေသည်။ အချင်းတွင် စုနေသော ကက်ဒ်မီယံ(Cadmium)ဓာတ်သည် သန္ဓေသား၏ သွေးကြောမျှင်(Capillary) ပမာဏကို လျော့နည်းစေ သည်။ နီကိုတင်းသည် မိခင်မှ သန္ဓေသားထံသို့ အမိုင်နိုအက်ဆစ်ဓာတ်များ အချင်းမှတစ်ဆင့် ဖြတ်သန်းရောက်ရှိမှုကို လျော့ပါးစေသည်။ ဆေးလိပ်ငွေ့သည် သန္ဓေသားတွင် အာဟာရဓာတ်များ လုံလောက်စွာရရှိမှုကို အဟန့်အတား ဖြစ်စေသဖြင့် သန္ဓေသား၏ကြီးထွားမှု၊ အထူးသဖြင့် အဆုတ်နှင့် ဦးနှောက်ကြီးထွားမှုကို အန္တရာယ်ဖြစ်စေသည်။
မိန်းကလေးများတွင် ဆယ်ကျော်သက် နောက်ဆုံးနှစ်အထိ လည်းကောင်း၊ ယောကျာ်းလေးများတွင် အသက် ၂၀ ကျော်သည်အထိလည်းကောင်း အဆုတ်သည် ဆက်လက်ကြီးထွားနေပါသည်။ ဆယ်ကျော်သက်အရွယ် ဆေးလိပ်သောက်သူများမှာ ၎င်းတို့၏အဆုတ်သည် အကောင်းဆုံး အရွယ်အစားသို့ မည်သည့်အခါမှ ရောက်ရှိနိုင်တော့မည် မဟုတ်ပါ။ အားကစားလုပ်ငန်းများ၊ အားစိုက်ခွန်စိုက်လုပ်ရသော လုပ်ငန်းများတွင် ဆေးလိပ်မသောက်သူများကဲ့သို့ ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ လူကြီးအရွယ်ရောက်မှ ဆေးလိပ်ဖြတ်လိုက်လျှင် ယေဘုယျ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာမည်ဖြစ်သော်လည်း ပျက်စီးသွားသော အဆုတ်အတွက် ပြန်လည် အစားထိုးမရရှိနိုင်တော့ပါ။
ဆေးလိပ်သောက်ခြင်းနှင့် အဆုတ်ကင်ဆာ
ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာရောဂါ ဖြစ်စေသည့် အကြောင်းအရင်းတစ်ခုဖြစ်သည်။ အဆုတ် ကင်ဆာရောဂါများ၏ ၉၀ ရာခိုင်နှုန်းအထိ ဖြစ်ပွားမှုသည် ဆေးလိပ်သောက်ခြင်းနှင့် ဆက်နွှယ်နေသည်။ အင်္ဂလန်နိုင်ငံ လေ့လာမှုတစ်ခုတွင် ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် အဆုတ်ကင်ဆာဖြစ်နိုင်သည့် အန္တရာယ် ၁၄ ဆ မြင့်မားသည်ဟု ဆိုသည်။ အမေရိကန် သုတေသနတစ်ခုတွင် ခုနစ်ဆခန့် ပို၍အန္တရာယ်ရှိကြောင်း ဖော်ပြထားသည်။ အဆုတ်ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်သည် ဆေးလိပ်အရေအတွက် များများသောက်ခြင်းနှင့် အချိန်ကာလ ကြာရှည်စွာသောက်ခြင်းတို့အပေါ် မူတည်သည်။ အချိန်ကာလ ကြာမြင့်စွာသောက်ခြင်းသည် အချိန် တိုတိုနှင့် များများသောက်ခြင်းထက် အန္တရာယ်များသည်။ ဥပမာ ၄၅ နှစ်ကြာ ဆေးလိပ်သောက်ခြင်းသည် ၁၅ နှစ် သောက်ခြင်းထက် ကင်ဆာဖြစ်ရန် အဆ ၁၀ဝ မြင့်မားသည်။ သို့သော် ဆေးလိပ်ဖြတ်နိုင်ပါက အဆုတ်ကင်ဆာကြောင့် သေဆုံးမှုအန္တရာယ်ကို လျော့ပါးစေနိုင်ပါသည်။ ငယ်ရွယ်စဉ် စောစီးစွာဖြတ်နိုင်လေ အကျိုးရှိလေဖြစ်သည်။ အဆုတ်ကင်ဆာရှိကြောင်း သိရှိပြီး ဆေးလိပ်ဆက်သောက်နေပါက ရောဂါကုသမှု-ရောဂါသက်သာမှုကို အဟန့်အတားဖြစ်စေသည်။
ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သောအခြား အဆုတ်ရောဂါများ
အဆုတ်နှင့် လေပြွန်ချောင်းများသည် ဆေးလိပ်ငွေ့ ဝင်ရောက်ရာလမ်းကြောင်း ဖြစ်နေသဖြင့် အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများထက် ဆေးလိပ်ငွေ့၏ များပြားလှသော အဆိပ်အတောက်အမှုန်အမွှားများနှင့် အချိန်ကြာကြာထိတွေ့ နေရသည်။ ဆေးလိပ်ငွေ့သည် အနည်းဆုံး အဆုတ်အကာ အကွယ်စနစ်ကို အားနည်းစေပြီး အဆိုးဆုံးအနေဖြင့် အဆုတ်ကို ဆိုးရွားစွာ ပျက်စီးစေပါသည်။
အဆုတ်၏ အကာအကွယ်စနစ် ယိုယွင်းလာခြင်း
အဆုတ်သည် လေထဲရှိဓာတ်ငွေ့များ၊ အမှုန်အမွှားများ၊ ရောဂါပိုးမွှားများနှင့် စဉ်ဆက်မပြတ် တွေ့ထိနေရပါသည်။ ၎င်းတို့၏အန္တရာယ်မှ တွန်းလှန်နိုင်ရန် သဘာဝက ပေးထားသော အကာအကွယ်စနစ် ရှိပါသည်။ အသက်ရှူသွင်းလိုက်တိုင်း လေထဲရှိ အမှုန်အမွှားများကို ရှူမိကြသည်။ အချို့သည် အန္တရာယ်ကင်းသော်လည်း အချို့မှာရောဂါဖြစ်စေသော ဘက်တီးရီးယား၊ ဗိုင်းရပ် စသည်တို့ ပါဝင်သည်။ အရွယ်ပမာဏ ကြီးမားသော အမှုန်များနှင့် အလွန်သေးငယ်သော အမှုန်များကို နှာခေါင်းနှင့် အသက်ရှူလမ်းကြောင်း အထက်ပိုင်းတွင် ဖမ်းယူထားလိုက်ပြီး ပြင်ပသို့ ပြန်လည်ထုတ်ပစ်ပေးသည်။ ဝ ဒသမ ဝ၀၁ မှ ၁၀ မိုက်ကရွန်(Micron)အထိ အလယ်အလတ် အရွယ်အစားရှိသော အမှုန်များသည် အဆုတ်အတွင်းပိုင်းအထိ ဝင်ရောက်သွားကြသည်။ ၎င်းတို့ကို အသက်ရှူလမ်းကြောင်းတစ်လျှောက် အတွင်းမျက်နှာပြင်ရှိ အကျိအချွဲ(Mucus)အလွှာက ဖမ်းယူထားပြီး Cilia ခေါ် အမျှင်လေးများက အပြင်သို့ ဖယ်ထုတ်ရှင်းလင်းပေးသည်။
ဆေးလိပ်သောက်သောသူတွင် ၆၀ ရာခိုင်နှုန်းခန့်သော ဆေးလိပ်မှုန်များသည် အဆုတ်အတွင်းပိုင်းအထိ စုပုံရောက်ရှိ လေ့ရှိသည်။ ဆေးလိပ်ငွေ့ကြောင့် Cilia ခေါ် အမျှင်ကလေး များ တိုသွား၍ သို့မဟုတ် လျော့နည်းသွား၍လည်းကောင်း၊ အကျိအချွဲ(mucus)အလွှာမှာ ပါးလွှာသွားသောကြောင့် လည်းကောင်း အမှုန်များရှင်းထုတ်နိုင်မှု လျော့ပါးလာသည်။ ထို့ပြင် လေပြွန်ကလေးများတွင်ရှိသော အကျိအချွဲ(mucus)အလွှာအောက်ရှိ အကာအကွယ်အလွှာမှာလည်း ဆေးလိပ် ငွေ့ကြောင့် ပျက်စီးသွားတတ်ပါသည်။ သို့ဖြင့်အဆုတ်၏ အကာအကွယ်စနစ် တဖြည်းဖြည်း ယိုယွင်းလာပါသည်။
ဆေးလိပ်သောက်ခြင်းကြောင့်လတ်တလောဖြစ်ပွားတတ်သော အဆုတ်ရောဂါများ
ဆေးလိပ်သောက်သူများသည် အဆုတ်ပြွန်ရောင်ခြင်း၊ တုပ်ကွေးရောဂါ၊ နမိုးနီးယား စသော ရုတ်တရက်ဖြစ်ပွားသည့် အဆုတ်ရောဂါများကို အလွယ်တကူ ရရှိခံစားရနိုင်ပါသည်။ ရောဂါပြင်း နမိုးနီးယားဖြစ်ရန် ဆေးလိပ်မသောက်သူများထက် ဆေးလိပ်သောက်သူများသည် နှစ်ဆမှ လေးဆအထိ အန္တရာယ်ရှိပြီး နေ့စဉ်သောက်သုံးသည့် ဆေးလိပ်ပမာဏ များပြားပါက ပို၍အန္တရာယ်များပါသည်။ ဆေးလိပ်သောက်သူများသည် ကူးစက်မှုအသွင် တုပ်ကွေးရောဂါဖြစ်ပွားချိန် သို့မဟုတ် တုပ်ကွေးရာသီချိန်တွင် ရောဂါရရှိရန် လွယ်ကူပါသည်။ ဆေးလိပ်သောက်ခြင်းသည် ငုတ်လျှိုးနေသော တီဘီပိုးကို ရောဂါလက္ခဏာ ပေါ်ပေါက်စေသည်။ အိန္ဒိယနိုင်ငံ စာရင်းဇယားအရ ဆေးလိပ်သောက်ခြင်းသည် တီဘီရောဂါဖြင့် သေဆုံးမှုကို နှစ်ဆမှ လေးဆအထိ ပို၍များပြားစေကြောင်း သိရှိရသည်။
ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သောအဓိက အဆုတ်ရောဂါများ
(၁)နာတာရှည်အဆုတ်ပြွန်ရောင်ခြင်း (Chronic Bronchitis)
နာတာရှည်အဆုတ်ပြွန်ရောင်ရောဂါတွင် ချောင်းဆိုးခြင်း၊ ချွဲသလိပ်များထွက်ခြင်းတို့ တွေ့ရသည်။ တစ်ဆက်တည်း နှစ်နှစ် ဆက်တိုက်၊ တစ်နှစ်လျှင် သုံးလခန့် အဆိုပါလက္ခဏာများ ရှိနေပါက နာတာရှည်အဆုတ်ပြွန်ရောင်ရောဂါ ရှိသည်ဟု ဆိုနိုင်ပါသည်။ ဆေးလိပ်အလွန်အကျွံသောက်သူ ၅၀ ရာခိုင် နှုန်းခန့်တွင် ဤရောဂါ ဖြစ်ပွားလေ့ရှိသည်။ အဆုတ်ပြွန်ရောင် ရမ်းခြင်းကြောင့် အကျိအချွဲ(Mucusျ)ထွက်သော ဂလင်းအိတ်များ ကြီးထွားခြင်း၊ အဆုတ်ပြွန်နံရံများ ထူလာခြင်းတို့ ဖြစ်စေပါသည်။ ဤရောဂါရှိသူများသည် အခြားသူများထက် ပြင်ပမှရောဂါပိုးများ ဝင်ရောက်လာလျှင် အလွယ်တကူ ရောဂါ ရရှိနိုင်သည်။
(၂) နာတာရှည်အဆုတ်လမ်းကြောင်းကျဉ်းရောဂါ (Chronic Obstructive Pulmonary Disease)
ဆေးလိပ်ငွေ့ကြောင့် လေပြွန်များ၊ လေပြွန်ငယ်များ ပျက်စီးခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းစသော ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားမှုကြောင့် လေပြွန်နံရံများ ထူလာခြင်း၊ လေပြွန်အခေါင်းများ ကျဉ်းမြောင်းလာခြင်းတို့ ဖြစ်စေပါသည်။ ထို့အပြင် လေပြွန်ခေါင်းအတွင်းတွင် အကျိအချွဲ(Mucus)များ များပြားစွာ စုလာသဖြင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းကို ဖြစ်စေပါသည်။ ဆေးလိပ်ဆက်လက်သောက်နေသမျှ ဤဖြစ်စဉ်မှာ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်သည်။ ထို့အပြင် Alveoli ခေါ် လေအိတ်ငယ်များ၏ နံရံများသည် ဆေးလိပ်ငွေ့ကြောင့် ပျက်စီးသွားနိုင်သည်။ ၎င်းလေအိတ်နံရံများသည် အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို လဲလှယ်ပေးရသည်။ ပျက်စီးသွားသော နံရံများသည် အသစ် ပြန်လည်မဖြစ်ထွန်းနိုင်ဘဲ လေအိတ်များ၏အရွယ်အစား ကြီးမားလာသည်။ အောက်ဆီဂျင်-ကာဗွန်ဒိုင်အောက်ဆိုက် လဲလှယ်နိုင်သော စုစုပေါင်း မျက်နှာပြင်ဧရိယာ အကျယ်အဝန်းလည်း လျော့နည်းလာသည်။ ၎င်းအခြေအနေကို Emphysema ဟုခေါ်သည်။
ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သောအခြား အသက်ရှူလမ်းကြောင်းရောဂါများ
(၁) ပန်းနာရင်ကျပ်ရောဂါ(Asthma)
ဆေးလိပ်သောက်ခြင်းသည် ဆယ်ကျော်သက်နှင့် လူကြီးများတွင် ပန်းနာရင်ကျပ် စတင်ဖြစ်ပွားရန် အခွင့်အလမ်းများ စေပါသည်။ ပန်းနာရင်ကျပ်ရှိပြီးသူများတွင် ရောဂါကိုဆိုးရွားစေပြီး ကုသမှုကိုခက်ခဲစေပါသည်။ ဆေးလိပ်သောက်ခြင်းသည် ပြင်းထန်သော ရင်ကျပ်ရောဂါဖြင့် ဆေးရုံတက်ရခြင်း၊ သေဆုံးခြင်းတို့ကို ပို၍ဖြစ်စေပါသည်။
(၂) အနံ့ခံအာရုံချို့ယွင်းခြင်း
ဆေးလိပ်ငွေ့သည် နှာခေါင်းအတွင်းရှိ အနံ့မျိုးစုံ ခွဲခြားနိုင်သော အနံ့ခံအာရုံကြောများကို တိုက်ရိုက်ပျက်စီးစေသည်။ ဆေးလိပ်သောက်သူသည် မသောက်သူနှင့်ယှဉ်လျှင် အနံ့ခံအာရုံ ချို့ယွင်းမှုဖြစ်ရန် နှစ်ဆ ပို၍ အခွင့်အလမ်းရှိသည်။
တစ်ဆင့်ခံဆေးလိပ်ငွေ့
တစ်ဆင့်ခံဆေးလိပ်ငွေ့ (Secondhand Smoke) ဆိုသည်မှာ ဆေးလိပ်သောက်သူက ရှူရှိုက်၍ မှုတ်ထုတ်လိုက် သော ဆေးလိပ်ငွေ့ (၁၅ ရာခိုင်နှုန်း)နှင့် မီးညှိထားသော ဆေးလိပ်မှ တငွေ့ငွေ့ထွက်နေသည့် မီးခိုးငွေ့ (၈၅ရာခိုင်နှုန်း) နှစ်ခုပေါင်းကို ခေါ်ဆိုပါသည်။ ဆေးလိပ်မသောက်တတ်သည့် လူကြီးများ၊ အမျိုးသမီးများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များသည် အခြားသူများသောက်သည့် ဆေးလိပ်ငွေ့ကို အိမ်ထဲတွင်သော်လည်းကောင်း၊ အများပြည်သူနှင့်ဆိုင်သော အခြားနေရာများ၌သော်လည်းကောင်း ရှူရှိုက်နေရသဖြင့် ဆေးလိပ်ငွေ့ကြောင့်ဖြစ်သောရောဂါများ ရရှိခံစားရပါသည်။ တစ်ဆင့်ခံဆေးလိပ်ငွေ့တွင် ဓာတုပစ္စည်း အမျိုးပေါင်း ၇၀ဝ၀ ကျော် ပါဝင်ပါသည်။ ရာပေါင်းများစွာသော ပစ္စည်းများသည် အဆိပ်ဖြစ်စေပြီး ၇၀ ခန့်မှာ ကင်ဆာရောဂါကို ဖြစ်စေပါသည်။ ရုံးခန်း၊ အိမ်ခန်း၊ အိမ်စီးကားများအတွင်း ဆေးလိပ်သောက်ပါက ဆေးလိပ်အမှုန်များသည် ကြမ်းပြင်၊ ကြမ်းခင်း၊ ကော်ဇော၊ ဆိုဖာဆက်တီ၊ ဗီရို စသည်တို့အပေါ် တွင် တင်ကျန်နေပြီး ရက်ပေါင်းများစွာတည်ရှိနေသည်။ ၎င်းအမှုန်များသည်လည်း ကျန်းမာရေးအတွက် အလွန်အန္တရာယ်များပြီး Thirdhand Smokeဟု ခေါ်သည်။
တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ကလေးများတွင် ဖြစ်ပွားစေသော အသက်ရှူလမ်းကြောင်းရောဂါများ
ကလေးငယ်များသည် အသက်ရှူနှုန်းမြန်ခြင်း၊ ခန္ဓာကိုယ် အရွယ်အစားနှင့် နှိုင်းယှဉ်လျှင် အဆုတ်မျက်နှာပြင် အကျယ်အဝန်းများခြင်းနှင့် အဆုတ်ခံနိုင်ရည်အား နည်းပါးခြင်းတို့ကြောင့် တစ်ဆင့်ခံဆေးလိပ်ငွေ့ဒဏ်ကို ပို၍ခံစားရပါသည်။ မူလတန်းအရွယ်ကလေးများတွင် ချောင်းဆိုးခြင်း၊ ချွဲသလိပ်များခြင်း၊ မောပန်းခြင်း၊ ရင်ကျပ်ခြင်းစသော ဝေဒနာများ ရရှိစေပါသည်။ ပန်းနာရင်ကျပ်(Asthma)ရှိသော ကလေးများသည် တစ်ဆင့်ခံဆေးလိပ်ငွေ့နှင့် တွေ့ထိရှူရှိုက်ရပါက ရောဂါပြင်းထန်ပြီး ဆေးရုံတက်ရောက်ကုသရသည့် အခွင့်အလမ်း နှစ်ဆပိုများသည်။ အိမ်တွင် ဆေးလိပ်သောက်သော အိမ်သားများရှိလျှင် ကလေးတွင် ပန်းနာရင်ကျပ်ဖြစ်နှုန်းပိုများပြီး အိမ်တွင် ဆေးလိပ် သောက်သူအရေအတွက်များပါက ပို၍ ဆိုးရွားစေပါသည်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ကလေး အဆုတ်ရောင်ခြင်း (Pneumonia)၊ အဆုတ်ပြွန်ရောင်ခြင်းတို့ကို အလွယ်တကူ ဖြစ်ပွားနိုင်ပြီး အသက် နှစ်နှစ်အောက် ကလေးများတွင် အန္တရာယ်ပိုများပါသည်။ တစ်နှစ်အောက် ကလေးများတွင် အသက်ရှူလမ်းကြောင်း အောက်ပိုင်းရောဂါ (Lower Respiratory Illness) ဖြစ်ပွားနိုင်သည့် အခွင့်အလမ်း ၅၀ ရာခိုင်နှုန်း ပို၍များပြားပါသည်။ အဆုတ်သည် ကလေးဘဝတစ်လျှောက်လုံးနှင့် ဆယ်ကျော်သက်အရွယ်တို့တွင် ဆက်လက်ကြီးထွားလျက်ရှိသည်။ အထူးသဖြင့် လေအိတ်ငယ်(Alveoli)များ အရေအတွက် အများဆုံးပွားများသည့် မွေးစမှ အသက်လေးနှစ်အတွင်း ကလေးငယ် များသည် ထိခိုက်မှုအရှိဆုံးအရွယ်ဖြစ်သည်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့သည် အဆုတ်၏လုပ်ငန်းစွမ်းရည်ကို ယုတ်လျော့ စေသည့်အပြင် ဆယ်ကျော်သက်အရွယ်နှင့် လူငယ်ဘဝတွင် အဆုတ်၏ အမြင့်ဆုံးကြီးထွားမှုအဆင့်သို့ ရောက်ရှိရန် အဟန့်အတားဖြစ်စေပါသည်။ ၎င်းဆေးလိပ်ငွေ့သည် ကလေးများတွင် နားရောဂါကိုလည်း ဖြစ်စေနိုင်ပါသည်။ နားစည်အတွင်း နား၏ အလယ်ခန်းရောင်ရမ်းခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အရည်စုခြင်း၊ နားပြည်တည်ခြင်းတို့ ဖြစ်ပွားစေနိုင်ပြီး အိမ်တွင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့နှင့် ထိတွေ့နေရပါက နားရောဂါဖြစ်ပွားရန် ၃၅ ရာခိုင်နှုန်း အခွင့်အလမ်းပို၍ များပါသည်။
တစ်ဆင့်ခံဆေးလိပ်ငွေ့နှင့် အဆုတ်ကင်ဆာရောဂါ
တစ်ဆင့်ခံဆေးလိပ်ငွေ့သည် အဆုတ်ကင်ဆာကို ဖြစ်စေပါသည်။ တွေ့ထိမှုများပြီး တွေ့ထိရှူရှိုက်ရသည့် အချိန်ကာလ ကြာရှည်ပါက ဖြစ်နိုင်သောအန္တရာယ် ပို၍များပါသည်။ ဆေးလိပ်သောက်သူတစ်ဦးနှင့် အတူနေထိုင်သော ဆေးလိပ် လုံးဝမသောက်သူတစ်ဦးအတွက် အဆုတ်ကင်ဆာဖြစ်နိုင်သော အန္တရာယ်သည် ၂၀-၃၀ ရာခိုင်နှုန်းအထိ ရှိပါသည်။ လုပ်ငန်းခွင်၌ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်နေရပါကလည်း ရှူရှိုက်ရသော အချိန်ကာလ ကြာရှည်သည်နှင့်အမျှ အဆုတ်ကင်ဆာ ဖြစ်လာနိုင်သောအ္တရာယ်လည်း ပိုများ လာသည်။ ဆေးလိပ်သောက်သူများပင်လျှင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့များကို ထပ်မံရှူရှိုက်နေရလျှင် အဆုတ်ကင်ဆာဖြစ်ပွားနိုင်မှု အခြေအနေမှာ နဂိုမူလရှိနေသော အန္တရာယ်ထက် ပို၍ များလာသည်။
တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် လူကြီးများတွင်ဖြစ်ပွားသော အဆုတ်လမ်းကြောင်းရောဂါများ
တစ်ဆင့်ခံဆေးလိပ်ငွေ့သည် ပုံမှန်ဆေးလိပ်သောက်သူများ၏ ဖြစ်စဉ်ကဲ့သို့ပင် အဆုတ်နှင့်အသက်ရှူလမ်းကြောင်း ရောဂါများ ဖြစ်စေပါသည်။ ဆေးလိပ်မသောက်တတ်သူသည် တစ်ဆင့်ခံဆေးလိပ်ငွေ့နှင့် တွေ့ထိပါက မျက်လုံး၊ နှာခေါင်း၊ လည်ချောင်း၊ ယားယံခြင်းများ ဖြစ်လေ့ရှိပါသည်။ စားသောက်ဆိုင်၊ အရက်ဘားတို့ကဲ့သို့ တစ်ဆင့်ခံဆေးလိပ်ငွေ့ပမာဏ များပြားသော နေရာများတွင် တစ်နာရီခန့် ရှူရှိုက်မိလျှင်ပင် အဆုတ်အတွင်း လေဝင်လေထွက် သိသိသာသာ နည်းသွား နိုင်ပြီး အဆုတ်၏လုပ်ဆောင်နိုင်မှုစွမ်းရည် ယုတ်လျော့နိုင်ပါသည်။ ထို့ပြင် ချောင်းဆိုးခြင်း၊ ချွဲသလိပ်ထွက်ခြင်း၊ ရင်ကျပ်ခြင်း စသောဝေဒနာများ ခံစားရနိုင်ပါသည်။ တစ်ဆင့်ခံဆေး လိပ်ငွေ့သည် လူကြီးများတွင် ပန်းနာရင်ကျပ်ရောဂါ စတင် ဖြစ်ပွားစေခြင်း မူလရှိပြီးရောဂါကို ပို၍ဆိုးရွားစေခြင်း၊ ကုသမှုခက်ခဲစေခြင်းတို့ကို ဖြစ်စေသည်။ ကြာရှည်စွာရှူရှိုက်နေရပါက နာတာရှည်အဆုတ်လမ်းကြောင်းကျဉ်းရောဂါ ဖြစ်ပွားနိုင်သည်။
ဘယ်လိုကာကွယ်ကြမလဲ
အကောင်းဆုံးနည်းမှာ နိုင်ငံသားများ၏ ဆေးလိပ်သောက်နှုန်းကို လျှော့ချနိုင်ရန် ဖြစ်သည်။ ဆေးလိပ်ဈေးကို လူငယ်များနှင့် ဝင်ငွေနည်းသူများ လက်လှမ်းမမီသည့် ဈေးနှုန်းအထိ မြှင့်တင်ရန်ဖြစ်သည်။ လက်တွေ့အကျဆုံးနှင့် ကုန်ကျစားရိတ်သက်သာပြီး ထိရောက်သောနည်းမှာ ဆေးလိပ်၊ ဆေးရွက်ကြီးအခွန် တိုးမြှင့်ခြင်းပင်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ အခွန်နှုန်းကို လက်လီရောင်းဈေး၏ ၇၀ ရာခိုင်နှုန်းအထိ အနည်းဆုံး မြှင့်တင်မှသာ ကျန်းမာရေးအကျိုးသက်ရောက်မှု ရရှိနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စီးကရက်အခွန်နှုန်းမှာ လက်လီရောင်းဈေး၏ ၄၅ ရာခိုင်နှုန်းအောက်တွင် ရှိနေပါသည်။ အာဆီယံနိုင်ငံများ ဖြစ်သော ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်အတိုင်း အခွန်တိုးမြှင့် လျက်ရှိခြင်းကြောင့် များစွာသောအကျိုးအမြတ်များ ရရှိ နေကြပါသည်။ ဆေးလိပ်သောက်နှုန်း ကျဆင်းလာပါသည်။ ဖိလစ်ပိုင်တွင် တိုးမြှင့်ရရှိသောအခွန်မှ အချို့ကို ဆေးရွက်ကြီး စိုက်တောင်သူများအတွက် လူမှုရေးလုပ်ငန်းများတွင် အသုံးပြုပြီး အချို့ကို ကျန်းမာရေးအတွက် အသုံးပြုနိုင်သဖြင့် အမျိုးသားကျန်းမာရေး အာမခံစနစ်တွင် ဝင်ငွေနည်းမိသားစု အရေအတွက်ပို၍ လွှမ်းခြုံလာနိုင်ပါသည်။ နောက်တစ်နည်း မှာ ဆေးလိပ်မသောက်သူများအား တစ်ဆင့်ခံဆေးလိပ်ငွေ့အန္တရာယ်မှ အကာအကွယ်ပေးရန် ဖြစ်ပါသည်။ ဆေးလိပ် မသောက်သူ လူအများစုမှာ ဆေးလိပ်သောက်သူများက ပေးသောရောဂါများ ရရှိခံစားနေရပါသည်။ စားသောက်ဆိုင်များ၊ ရုံးများ၊ အလုပ်ရုံများ၊ ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ မော်တော်ယာဉ်များ၊ မီးရထားများ၊ ကားဂိတ်များ၊ ဘူတာရုံများ စသည့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ ဆေးလိပ်ငွေ့နှင့် ရှောင်လွှဲ၍မရပါ။ အများပြည်သူနှင့် ဆိုင်သော နေရာများတွင် ဆေးလိပ်သောက်သုံးမှုကို တားမြစ်သည့်ဥပဒေ (မြန်မာနိုင်ငံ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းထိန်းချုပ်ရေးဥပဒေ)ကို ၂၀ဝ၆ ခုနှစ် မေလအတွင်းက ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။ ဥပဒေတွင် ဆေးလိပ်သောက်ခွင့် မရှိသောနေရာများ၊ ၎င်းနေရာများ၏ ပိုင်ရှင်များ၊ တာဝန်ခံများ၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ ပျက်ကွက်မှုရှိပါက အရေးယူရမည့် ပြစ်မှုပြစ်ဒဏ်များကို တိတိကျကျ ဖော်ပြထားပါသည်။ တည်ဆဲဥပဒေကို အကောင် အထည်ဖော်နိုင်ပါက တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ဖြစ်သောရောဂါများ ကျဆင်းသွားနိုင်ပါသည်။ ဒေသဆိုင်ရာ အစိုးရများက တာဝန်ယူပြီး စီစဉ်ကြီးကြပ်ဆောင်ရွက်မှသာ ဥပဒေ အကောင်အထည်ဖော်သောလုပ်ငန်း အောင်မြင်နိုင်မည်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် မြို့တော်ဝန်များ ကိုယ်တိုင်ကြီးကြပ်ဆောင်ရွက်ခြင်းဖြင့် ဆေးလိပ်ငွေ့ ကင်းစင်မြို့တော်များ အောင်မြင်စွာ အကောင်အထည်ဖော် နိုင်သောသာဓကများ တွေ့ရှိရပါကြောင်း တင်ပြအပ်ပါသည်။ ။
ဒေါက်တာသိန်းထွန်း (ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း)