နေပြည်တော် ၁ ဇွန်
ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ်ရေး ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြချက်များအပေါ် အစည်းအဝေး တက်ရောက်လာသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်မည့် အစီအမံများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက အခွန်တိုးမြှင့်ရေး ကိစ္စများအပါအဝင် မိမိဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနိုင်မည့် အစီအမံများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


