နေပြည်တော် ဧပြီ ၉
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကိုယနေ့နံနက် ၉နာရီခွဲက ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါ အစရှိသည့် မကူးစက်နိုင်သောရောဂါများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ပါကြောင်း၊ မကူးစက်နိုင်သောရောဂါများဖြစ်ပွားမှုမှာ ကပ်ရောဂါအသွင်အဖြစ် အလျင်အမြန် တိုးတက်များပြားလျက် ရှိပြီး ၎င်းရောဂါများကို ကုသရန်အတွက် ငွေကြေးမြောက်မြားစွာ သုံးစွဲနေရသည့်အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ တိုင်းပြည်ဖွံဖြိုးတိုး တက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်စေသလို နိုင်ငံ၏ ကျန်းမာရေးစနစ်အပေါ်တွင်လည်း ကြီးမားသောဝန်ထုပ်ဝန်ပိုးဖြစ်စေပါကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဆေးရွက်ကြီးစိုက်ပျိုးမှုနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုကို စနစ်တကျ ကန့်သတ်ထိန်းချုပ်ဆောင်ရွက်လာသည့်အတွက် ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပစ်မှတ် ထား၍ ရင်းနှီးမြှုပ်နှံလာကြသည်ကို တွေ့ရှိရပါကြောင်း၊ ဆေးရွက်ကြီးစိုက်ပျိုးရာတွင် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ အလွန်အကျွံသုံးစွဲရသည့်အတွက် မြေဆီလွှာကိုပြုန်းတီးစေပြီး စိုက်ပျိုးမြေများကို ကန္တာရ အသွင်ပြောင်းစေသည့်အတွက် အကျိုးဆက်အနေဖြင့် စားရေရိက္ခာ ရှားပါးမှုကို ပိုမိုဆိုးရွားစေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီး ထိန်းချုပ်ရေးအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ကို (၂၀၀၃) ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး (၂၀၀၆) ခုနှစ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်း၍ လိုအပ်သောအမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဥပဒေပါရည်ရွယ်ချက်များကို အကောင်အထည် ဖော်ရန်အတွက် ဗဟိုအဖွဲ့ကိုဥပဒေအရ ပြည်ထောင်စု အစိုးရအဖွဲ့က ဖွဲ့စည်းတာဝန် ပေးအပ်ထား ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၂၃ အရ ဗဟိုအဖွဲ့ အသစ်ကို အဖွဲ့ဝင် (၃၀) ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဥပဒေပါ ရည်ရွယ်ချက်များကို ပိုမို မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းရန်နှင့် လုပ်ငန်းတာဝန်များ သတ်မှတ် ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ပြင် အသစ်ပေါ်ထွက်လာသည့် အီးစီးကရက်ကဲ့သို့သော အီလက်ထရောနစ် အငွေ့ရှူစက်များသုံးစွဲမှုသည် ကျန်းမာရေးကိုထိခိုက်စေသည့်အတွက် လူငယ်များ အနေဖြင့် အဆိုပါ အီလက် ထရောနစ်အငွေ့ရှူ စက်များသုံးစွဲမှုမှ ကာကွယ်တားဆီးရန်အတွက် လိုအပ်သော မူဝါဒ၊ အစီအမံနှင့် ဥပဒေပြဋ္ဌာန်းချက်များချမှတ်ရန် လိုအပ်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ အတွေ့အကြုံ များအရ ဆေးလိပ်ဈေးနှုန်း မြင့်လေ၊ သုံးစွဲမှုလျော့ကျလေဖြစ်သည့်အတွက် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းကိုလည်း အားဖြည့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြင့်မြင့်သန်းက ဗဟိုအဖွဲ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းအကျဉ်းနှင့် ဥပဒေပါဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်ဝတ္တရားများနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာကျော်ကံကောင်းမှ ဆေးလိပ် နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆေးလိပ်နှင့်ဆေးရွက် ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝိုင်းဝန်ဆွေးနွေး အကြံပြုခဲ့ကြသည်။
တင်ပြဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆွေးနွေး၍ အစည်းအဝေးမှ ဆုံးဖြတ်ချက်များချမှတ်ခဲ့ပြီး ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)