ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ဆေးလိပ်သောက်တာကြောင့် နှုတ်ခမ်းအပါအဝင် အသားအရေတွေပျက်စီးနေပြီလား။ မပျက်စီးဘူးလို့တော့ မပြောနဲ့နော်။ ဆေးလိပ်သောက်ရင် အဆုတ်ပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်း တော်တော်များများကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိခိုက်တဲ့ အစိတ်အပိုင်းတွေထဲမှာ အသားအရေကလည်း တစ်ခုအပါအဝင်ပါ။ အခုလောလေဆယ်မှာ မပျက်စီးသေးရင်တောင် အချိန်ကြာလာတာနဲ့အမျှ အသားအရေက ပျက်စီးလာမှာပါ။ ကိုယ်တိုင်သောက်တာမပြောနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကတောင် အသားအရေကို တော်တော်လေး ထိခိုက်စေနိုင်တာပါနော်။

 

ဆေးလိပ်သောက်တာကြောင့် အသားအရေဘယ်လိုထိခိုက်ပျက်စီးစေနိုင်လဲ…….

 

ဆေးလိပ်သောက်တာက နှလုံးနဲ့အဆုတ်အပြင် အသားအရေတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

 

-           အရွယ်မတိုင်ခင် အရေးအကြောင်းတွေပေါ်မယ်

-           အသားအရေတွေညစ်မယ်

-           အသားတွေခြောက်လာမယ်

-           မျက်လုံးထောင့်နဲ့ နှုတ်ခမ်းထောင့်တွေမှာ အရေးအကြောင်းတွေဖြစ်မယ်

-           အသားအရေတွေလျော့ရဲလာမယ်

-           အရေပြားမှာသွေးလည်ပတ်မှုနည်းလာမယ်

 

အရေပြားဆဲလ်တွေမှာ အောက်ဆီဂျင်နဲ့လိုအပ်တဲ့ အာဟာရတွေအပြည့်အဝမရရှိဘဲ ဖြစ်လာမယ် စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

 

ဆေးလိပ်သောက်သူတွေ လိုက်နာသင့်တဲ့ အသားအရေထိန်းသိမ်းမှုအဆင့်တွေ…….

 

ဆေးလိပ်လည်းမဖြတ်နိုင်ဘူး အသားအရေကို ထိခိုက်မှာမျိုးလည်း မဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေကို လိုက်နာပေးပါ။

 

ဆေးလိပ်ကို အကန့်အသတ်နဲ့သောက်ပါ

 

တစ်နေ့လုံးမှာ တစ်ဗူးလုံးကုန်အောင် သောက်လို့ကောင်းလာမှာတစ်ခုမှတော့ မရှိဘူးနော်။ အသားအရေကို ထိခိုက်စေမယ့်အပြင် ကျန်းမာရေးကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေမှာ အသေအချာပါ။ ဒါကြောင့် တစ်နေ့တာမှာဆေးလိပ်ကို ဘယ်နှလိပ်ဘဲသောက်မယ်ဆိုတဲ့ ကန့်သတ်ချက်ကို ကိုယ်တိုင်ချမှတ်ထားပါ။ နည်းနိုင်သမျှနည်းအောင် ကြိုးစားပါ။ ဆေးလိပ်သောက်တာနည်းမှာ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး အရေပြားဆဲလ်တွေကို ကျန်းမာစေနိုင်မှာပါ။

 

ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ

 

အစားအစာတွေကို ရွေးချယ်တဲ့အခါ ဗီတာမင် A နဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို စားပေးပါ။ ဒီလိုစားသုံးမှုက ဆေးလိပ်သောက်တာကြောင့် အသားအရေထိခိုက်ပျက်စီးမှုကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ထဲမှာ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ လိမ္မော်သီး စတာတွေကို စားပေးပါ။

 

ရေများများသောက်ပါ

 

အသားအရေထိန်းသိမ်းမှုအတွက် မပါမဖြစ်ပါရတဲ့ အဆင့်တစ်ခုပေါ့။ အသားအရေစိုပြေလိုသူတိုင်း လုပ်သင့်တာပါ။ အသားအရေကို စိုပြေကျန်းမာချင်တယ်ဆိုရင် ရေများများသောက်ပေးပါ။ အယ်လ်ကိုဟောနဲ့ ကဖင်းပါတဲ့သောက်စရာတွေကိုတော့ ရှောင်ပါ။

 

ဗီတာမင် အားဖြည့်ဆေးတွေသောက်ပါ

 

ဆေးလိပ်သောက်သူတစ်ယောက်အနေနဲ့ အသားအရေကျန်းမာဖို့ဆိုရင် ဗီတာမင် A နဲ့ ဗီတာမင် C ပြည့်ဝနေဖို့လိုပါမယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့ အကျင့်ကို မစွန့်နိုင်ဘူးဆိုရင် ဗီတာမင် A နဲ့ ဗီတာမင် C အားဖြည့်ဆေးတ ွသောက်တတ်တဲ့အကျင့်ကို ပျိုးထောင်ပါ။

 

အသားအရေကိုသေချာသန့်စင်ပါ

 

မျက်နှာအသားအရေကို သေချာလေးသန့်စင်ပေးတာ၊ ဆဲလ်သေတွေဖယ်ရှားတာနဲ့ အစိုဓါတ်ထိန်းခရင်မ်လူးတာမျိုး အကျင့်တွေကို ပျိုးထောင်ပေးပါ။ ခန္ဓာကိုယ် အသားအရေကိုလည်း သေချာသန့်စင်ပေးပြီး အစိုဓါတ်ဖြည့်ပေးနိုင်တဲ့ Body Lotion လူးပေးဖို့မမေ့ပါနဲ့။

 

အိပ်ရေးဝဝအိပ်ပါ

 

ဆေးလိပ်လည်းသောက်တယ်၊ အိပ်ရေးလည်းဝအောင် မအိပ်ဘူးဆိုရင်တော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ရှောင်လွှဲဖို့က တော်တော်လေးခက်သွားမှာပါ။ ဒါကြောင့် ဆေးလိပ် သောက်တတ်သူ တစ်ယောက်အနေနဲ့ ညတိုင်း အိပ်စက်ချိန် ၈ နာရီထားရှိဖို့မမေ့ပါနဲ့။

 

လေ့ကျင့်ခန်းလုပ်ပါ

 

လေ့ကျင့်ခန်းလုပ်တာက ခန္ဓါကိုယ်မှာ သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။

 

ကဲ ဆေးလိပ်ဖြတ်ဖို့တော့ မဖြစ်နိုင်သေးဘူး။ အသားအရေတွေကလည်း ဆေးလိပ်ဒဏ်ကြောင့် တော်တော်လေးထိခိုက်နေပြီဆိုရင် ဒီအချက်လေးတွေကို လိုက်နာပါနော်။

 

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်