မူဆယ် ၃ စက်တင်ဘာ
(၁၉) ကြိမ်မြောက် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော် ပိုက်ကျော်ခြင်းလုံး အားကစားပြိုင်ပွဲကို အောက်တိုဘာ (၃)ရက် မနက်ပိုင်းတွင် ရွှေလီမြို့၊ နော်မောဟုပန်းခြံ၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို တရုတ်နိုင်ငံ၊ ကျယ်ဂေါင် (၁) အသင်းက ရရှိခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်သည့် မူဆယ် (၂) အသင်းနှင့် ပန်ဆိုင်း (ကြူကုတ်) အသင်းတို့က ဒုတိယဆုနှင့် တတိယဆုတို့ အသီးသီးဆွတ်ခူးရရှိသည်။
“ပြိုင်ပွဲမှာ အတွေ့အကြုံကောင်းတွေ အများကြီးရပါတယ်၊ မြန်မာနိုင်ငံဘက်မှာ ယှဉ်ပြိုင်မှုတွေနဲ့ နည်းနည်းကွာခြားပါတယ်၊ ခုပြိုင်ပွဲက နည်းနည်းအဆင့်မြင့်နေတော့ သေချာဂရုစိုက်ပြီးတော့ ကစားရပါတယ်၊ ပြိုင်ပွဲစည်းမျဉ်တွေလည်း အရမ်းတိကျပါတယ်”လို့ ပိုက်ကျော်ခြင်းလုံးကစားသမား မူဆယ်(၂)အသင်းမှ ကိုဟိန်းမြင့်က ပြိုင်ပွဲအတွေ့အကြုံကို ပြောကြားသည်။
ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများကို မူဆယ်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သွယ်သွယ်လှိုင်၊ ခရိုင်အားကာ ဦးမှူးဒေါ်မျိုးပပနှင့် ရွှေလီမြို့၊ ပြည်သူ့အစိုးရ ဒုတိယမြို့တော်ဝန် မစ္စတာကျောက်ရွှေယိမ်တို့က ဆုရရှိသူများကို ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ချီးမြင့်သည်။ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပိုက်ကျော်ခြင်းလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဖြင့် မူဆယ် (၁) အသင်း၊ မူဆယ် (၂) အသင်း၊ ပန်ဆိုင်း (ကြူကုတ်) အသင်းနှင့် မန့်ဟီးရိုးအသင်းဟူ၍ အသင်း (၄) သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တရုတ်နိုင်ငံဘက်မှလည်း အသင်း (၄) သင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပထမဆုရရှိသည့် အသင်းကို တရုတ်ငွေ ယွမ် (၂၀ဝ၀)၊ ဒုတိယဆု တရုတ်ငွေ ယွမ် (၁၅၀ဝ)၊ တတိယဆုကို ယွမ် (၁၀ဝ၀) ယွမ် ပေးအပ်ချီးမြှင့်ပြီး ကျန်ရှိသည့် အသင်းများကို နှစ်သိမ့်ဆု တရုတ်ငွေ ယွမ်(၅၀ဝ)စီ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


