ရွှေသံလွင်မီဒီယာနှင့် Media 7  တို့ ပူးပေါင်းစီစဉ်၍ “ဆေးမင်ရည်ချည်သောကြိုး” ရုပ်ရှင် ဇာတ်ကားသစ်ကို စတင်ရိုက်ကူးနေပြီဖြစ်ပြီး အဆိုပါ ဇာတ်ကားသည် လူငယ်များကြား ဖြစ်လေ့ဖြစ်ထရှိသည်များကို အသားပေးထားသော ဒရာမာဇာတ်ကား အမျိုးအစားဖြစ်ကြောင်း သိရသည်။

ဆေးမင်ရည်ချည်သောကြိုး ရုပ်ရှင်ကို ရိုက်ကူးနေသည့် ဒါရိုက်တာ သားညီက “ဒီကားမှာ သူငယ်ချင်းလေးယောက်ရှိတယ်၊ သူတို့တွေကြားက အချစ်၊ အမုန်း၊ နာကြည်းစရာတွေကို ပုံဖော်ရိုက်ကူးထားတာပါ၊ အထူးသဖြင့် ဒီကားက လူတစ်ယောက်ကို လိုတာထက်ပိုပြီးချစ်မိရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်တယ် ဆိုတာကို ကျွန်တော်တို့ ပြချင်တာပါ၊ အပြင်မှာလည်း ဒီလိုမျိုးအဖြစ်အပျက်တွေက ရှိနေတယ်ဆိုတော့ အပြင်နဲ့ အနီးစပ်ဆုံး ကျွန်တော်တို့ ပုံဖော်သွားမှာပါ”ဟု ပြောသည်။

“အဓိကသရုပ်ဆောင်သုံးယောက်နဲ့ ကျွန်တော် ဇာတ်ကားတွေ ရိုက်ခဲ့ဖူးတယ်၊ နန်းဆု၊ ဟန်လေး၊ တိုင်ရွန်တို့နဲ့ ရိုက်ဖူးတာပါ၊ သူတို့တွေက ကျွန်တော် ဆွဲရင်ဆွဲ သလောက် ပါကြတယ်၊ ပြီးတော့ ခါရာကိုလည်း ကျွန်တော် စိတ်မပူပါဘူး၊ သူက ရိုက်လည်းရိုက်ဖူးတယ်၊ အိုက်တင်အကုန် ပိုင်ပြီးသားတွေပါ၊ သူတို့တွေကို စိတ်ပူတာမျိုး သိပ်မရှိဘူး၊ ကျွန်တော် ကိုယ့်ကိုယ်ကိုပဲ စိတ်ပူတယ်၊ ကျွန်တော့်အတွက်က စိန်ခေါ်မှု တစ်ခုလိုဖြစ်နေတယ်လို့ ခံစားရလို့ပါ” ဟုလည်း ဒါရိုက်တာ သားညီက ဆိုသည်။

အဆိုပါရုပ်ရှင်ကို မိုးစက်ဝိုင်က ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ သားညီက ရိုက်ကူးမည်ဖြစ်ကာ သရုပ်ဆောင်အနေဖြင့် ခါရာ၊ တိုင်ရွန်၊ နန်းဆုဦးနှင့် ဟန်လေး တို့က အဓိက ပါဝင်မည်ဖြစ်သည်။ သရုပ်ဆောင် ခါရာအနေဖြင့် အက်ရှင်ကားများ ကိုသာ အဓိက ရိုက်ကူးခဲ့ပြီး ယခုကားတွင်မူ ပေါ့ပေါ့ပါးပါးနှင့် လူငယ်ဆန်ဆန် ဇာတ်ကောင်စရိုက်ဖြင့် မြင်တွေ့ရမည်ဖြစ်ကြောင်း၊ တိုင်ရွန်ကိုလည်း ခပ်ဆိုးဆိုး ခေတ် လူငယ်ကောင်လေးတစ်ယောက်အဖြစ် တွေ့ရမည်ဖြစ်ကြောင်း သိရသည်။

ကိုလင်း