တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ နောက်ထပ် အဆင့်တစ်ဆင့်ဆီသို့ တက်လှမ်းခဲ့ပြီဖြစ်သည်။ တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှု တံခါးကို ဖွင့်ထားဆဲဖြစ်သကဲ့သို့ မည်သည့်အခြေအနေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက် မထားဘဲ လာရောက်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်လက်ကမ်း ထားဆဲပင်ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်ရှိမလာသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိမိတို့ဒေသ၏အကျိုး၊ တိုင်းရင်းသားပြည်သူ လူထု၏အကျိုးနှင့် တိုင်းပြည်၏ အကျိုးအတွက် အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်ကာ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာကြမည်ဟု မျှော်လင့်မိသည်။

 

၂၀၂၂ ခုနှစ် မေလမှ ဩဂုတ်လအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် ပထမအကြိမ်တွေ့ဆုံမှု များတွင် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက် ကြိုးပမ်းကြရန် သဘောတူညီနိုင်ခဲ့ကြရာ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒနှင့် ကိုက်ညီသော တူညီသည့်ပန်းတိုင်ကို သတ်မှတ်နိုင်ခဲ့ခြင်းပင်ဖြစ်ပြီး ထိုပန်းတိုင်ဆီသို့ အတူတကွ လျှောက်လှမ်းနိုင်ကြမည့် နည်းလမ်းကို စုပေါင်းဆွေးနွေးညှိနှိုင်း ရှာဖွေကြရတော့မည်ဖြစ်သည်။ ဤတွင်ညှိနှိုင်းဆွေးနွေးပွဲတို့၏ သဘာဝအရ လိုလားချက်များ၊ တောင်းဆိုချက်များ၊ လုပ်ငန်းစဉ်များကို သံသယကင်းကင်း၊ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်းဆွေးနွေး ညှိနှိုင်းကြရင်း လက်တွေ့ကျသော၊ ဖြစ်သင့်ဖြစ်ထိုက်သော ရလဒ်များထွက်ပေါ်လာစေရေးဟူသော အပေါင်းလက္ခဏာ ဆောင်သည့် အမြင်များဖြင့်သာ ဦးတည်ကြရမည်ဖြစ်သည်။

 

တစ်နည်းအားဖြင့် နိုင်ငံလွတ်လပ်ရေး ရပြီးသည့် ၇၅ နှစ်တာကာလဆီသို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်သည့် ကာလတစ်လျှောက်လုံးတွင် လက်နက်ကိုင်တိုက်ခိုက်ခဲ့သည့် နည်းလမ်းများက လိုရင်းအဖြေကို မရရှိစေသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည်လည်း ကမ္ဘာ့အဆင့်မှာရော၊ ဒေသတွင်းအဆင့်နှင့် အိမ်နီးချင်းအဆင့်တို့မှာပါ နောက်ကျကျန်ခဲ့ရသည့် အဖြစ်သို့ ရောက်ရှိစေခဲ့သည်။ မငြိမ်းချမ်းခြင်းကြောင့် နိုင်ငံ မဖွံ့ဖြိုး၊ နိုင်ငံမဖွံ့ဖြိုးခြင်းကြောင့် နိုင်ငံအတွင်းရှိ ဒေသအသီးသီးတို့လည်း မဖွံ့ဖြိုးနိုင်၊ ဒေသခံပြည်သူတို့လည်း လူမှုစီးပွားဘဝများနိမ့်ကျ စသည့်ရလဒ်များ ဆက်လက်ဖြစ်ပေါ် လာသည်။ ၎င်းဆိုးကျိုးတို့၏ဒဏ်ကို ခံစားကြရသူများမှာ မိမိတို့ တိုင်းရင်းသားပြည်သူလူထု အားလုံးပင်ဖြစ်သည်။

 

“ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆို နိုင်ရေးအတွက် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ပိုမိုပါဝင်လာ ရမည်” ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ရာ နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းဖြင့် ဂုဏ်သိက္ခာမြင့်မားစွာ အဖြေရှာနိုင်ရန်နှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးတွင် တိုင်းရင်းသားပြည်သူလူထုအတွက် စိတ်စေတနာမှန်ပင်ဖြစ်သည်။ ပေါင်းစည်းညီညွတ်ခြင်း သည်သာ ပြည်ထောင်စုကြီး၏အကျိုး၊ တိုင်းရင်းသားပြည်သူ အားလုံးတို့၏ အကျိုးစီးပွားကို ဆောင်ကြဉ်းနိုင်မည့် မဟာ အင်အားဟု ယုံကြည်ပါကြောင်း။ ။

 

မြန်မာ့အလင်း