၂၇ သြဂုတ်
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မှာ လွတ်လပ်ရေးမရမီကတည်းက စခဲ့ခြင်းဖြစ်သည့်အတွက် ကမ္ဘာ့သက်တမ်း အကြာဆုံး ပြည်တွင်းစစ် စာရင်းဝင်ခဲ့ပြီ။
စစ်ဖြစ်နေသည့်ဒေသများ၌ မရှိသည့် ပြည်သူလူထုတို့သည်ပင် ပြည်တွင်းစစ်၏ ဒဏ်ကိုခံနေရသည် ဆိုလျှင် စစ်ပွဲများကြားတွင် နေလာရတာကြာပြီဖြစ်သော ပြည်သူတို့အဖို့မူ စစ်ဘေးစစ်ဒဏ်ကို မည်မျှလောက် ခံစားနေရမည်ဆိုသည်မှာ ဆိုဖွယ်ရာမရှိပြီ။
စစ်ပွဲများမှာ တရားသည့်စစ်ရှိနိုင်သလို မတရားသည့်စစ်လည်း ရှိမည်။ သို့သော်လည်း ကောင်းသည့် စစ်ဟူ၍တော့ ရှိမည်မဟုတ်ပါ။
သည်လိုစစ်ပွဲများ၊ ပဋိပက္ခများနှင့် ယှဉ်တွဲလာသည့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများကြား မြန်မာပြည်သူတို့မှာ စစ်ကို မုန်းတီးကြလှပြီ။ အမှန်တကယ်ပင် ငြိမ်းချမ်းလိုလှပြီ။
နိုင်ငံတိုးတက်ဖွံ့ ဖြိုးရန်အတွက် ငြိမ်းချမ်းရေးက အလွန်အရေးကြီးသော ပင်မအုတ်မြစ်ကြီးတစ်ခု ဖြစ်သည်မဟုတ်ပါလား။ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ကာ ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံက အဆိုပါ ပြည်သူလူထု၏ လိုလားချက်၊ ရည်ရွယ်ချက် များကို အကောင်အထည်ဖော်နေခြင်းပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံ ပြည်တွင်းစစ်၏ ပင်မအကြောင်းရင်းဖြစ်သည့် နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းသက်သက်ဖြင့် ဖြေရှင်းခဲ့ကြခြင်းကို ကျော်လွှားနိုင်ကြရန်အလို့ငှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်ဆောင်ထားသူများ၊တိုင်းရင်းသားအင်အားစုများ အားလုံးပါဝင်အောင် ကြိုးစားခြင်းက အခြေခံဗျူဟာပင်ဖြစ်သည်ဟု မြင်ပါသည်။
ကွဲလွဲမှုများ သဘောထားချင်း မတိုက်ဆိုင်မှုများကြားက သဘောတူညီမှုများရရှိ လက်မှတ်ရေးထိုး နိုင်ခြင်းက ငြိမ်းချမ်းရေးအတွက် အရေးကြီးလှသော လှေကားထစ်များ ဖြစ်ပါမည်။
သည်လို သဘောတူညီမှုများ ရရှိနိုင်ခြင်းမှာ ဂုဏ်ယူစရာ၊ ဝမ်းမြောက်စရာ ဖြစ်သကဲ့သို့ နိုင်ငံရေးအင်အားစုများအကြားရှိ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှုတို့ အပေါ်မှာ အခြေခံခြင်း ဖြစ်ပါသည်။
ပြီးခဲ့သော ဆွေးနွေးမှုများတွင် တိုင်းရင်းသားတို့ လိုလားသောအချက်များ စိုးရိမ်နေသည့် အချို့သောအချက်များမှာ လက်ရှိအခြေခံဥပဒေတွင် ပါဝင်နေသော်လည်း ပိုမိုသေချာခိုင်မာသည့် အသုံးအနှုန်းများ၊ စကားလုံးများကို ထည့်သွင်းနိုင်ခဲ့ခြင်းနှင့် အချို့သောအချက်များအခြေခံဥပဒေတွင် မပါရှိသေးသော်လည်း ပြည်ထောင်စုသဘောတူညီချက်တစ်ရပ်အနေဖြင့် သဘောတူညီမှု ရခဲ့ခြင်းတို့က အရေးပါသည့်အောင်မြင်မှုဟု ထင်မြင်ပါသည်။
ကွဲလွဲမှုများ များစွာကျန်နေသေးသည်ဖြစ်စေ၊ သဘောတူညီမှုရရှိချက်များက နည်းပါးသေးသည်ဟု ယူဆလျှင်ပင်ဖြစ်စေ အပြန်အလှန်နားလည်မှုများဖြင့် ဆွေးနွေးခဲ့နိုင်ခြင်းက ကြီးမားသော အောင်မြင်မှုဖြစ်ပါသည်။ သဘောတူညီလက်မှတ်ရေးထိုးရာမှာ မပါဝင်နိုင်ကြသေးသူများ ပါဝင်လာနိုင်ရေးကို ဆက်လက်ကြိုးပမ်းကြရန်လည်း လိုအပ်မည်ဟု မြင်ပါသည်။ ယင်းအတွက် ကြိုးပမ်းနေကြသည်ဟုလည်း ယုံကြည်ပါသည်။
သဘောမတူညီမှုများ၊ ကွဲလွဲမှုများကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာရမည်က ခမ်းနားလေးမြတ်သော ရည်ရွယ်ချက်ဖြစ်ပါသည်။ ညီအစ်ကို မောင်နှမများကြားက ပဋိပက္ခများကို လက်နက်ကိုင်ပြီး ဖြေရှင်းနေသရွေ့ ပြေလည်မည်မဟုတ်ပါ။ ။
(မြန်မာ့အလင်း)