ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
မန်ကျည်သီးက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်သလဲ
မန်ကျည်းသီးက အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ အသီးတစ်မျိုးပါ။ မန်ကျည်းသီးကိုကမ္ဘာတလွှားက ဟင်းပွဲတွေမှာ အသုံးပြုကြသလို မန်ကျည်းသီးမှာ ဆေးဖက်ဝင်တဲ့ အာနိသင်တွေလည်းရှိပါတယ်။ မန်းကျည်းသီးက ကျန်းမာရေးအတွက် ဘယ်လောက်ထိအကျိုးပြုသလဲဆိုတာနဲ့ ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာတွေကို မျှဝေပေးလိုက်ပါတယ်။
မန်ကျည်းဆိုတာ
မန်ကျည်းက သစ်မာပင်မျိုးဖြစ်ပါတယ်။
အာဖရိက မျိုးရင်းအပင်ဖြစ်ပြီး အိန္ဒိယ၊ပါကစ္စတန်၊မြန်မာနိုင်ငံနဲ့ အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်ပါတယ်။
မန်ကျည်းပင်မှာ ပဲတောင့်လိုမျိုး မန်ကျည်းတောင့်တွေသီးပါတယ်။ အသီးရဲ့အတွင်းပိုင်းမှာ အမျှင်ဓာတ်ပါဝင်တဲ့အသားတွေက အစေ့ကိုငုံထားပါတယ်။
မန်ကျည်းသီးစိမ်းရဲ့ အတွင်းသားက စိမ်းပြီး ချဉ်ပါတယ်။ မှည့်သွားတဲ့အခါမှာတော့ အရည်ရွှမ်းတဲ့အသားဖြစ်လာပြီး အနှစ်လိုမျိုးဖြစ်လာကာ ချိုချိုချဉ်ချဉ် အရသာရှိပါတယ်။
မန်ကျည်းသီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း
မန်ကျည်းသီးက အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် ဝမ်းမှန်စေပြီး အစာအိမ်နဲ့အူလမ်းကြောင်းကို သန့်စင်စေပါတယ်။ မန်ကျည်းသီးက အသည်း၊အူမကြီးနဲ့အခြားအစာခြေအင်္ဂါအစိတ်အပိုင်းတွေကို ကျန်းမာစေပါတယ်။
မန်ကျည်းသီးကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။
သွေးလည်ပတ်မှုကောင်းမွန်အောင် အထောက်အကူပြုနိုင်ခြင်း
မန်ကျည်းသီးမှာ သံဓာတ်ကြွယ်ဝစွာပါဝင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
မန်ကျည်းသီးက နေ့စဉ်စားသုံးနေတဲ့သံဓာတ် ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကိုထောက်ပံ့ပေးပါတယ်။ သံဓာတ်က သွေးနီဥဆဲလ်တွေကို တိုးစေပါတယ်။ဆဲလ်တွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်ထောက်ပံ့ပေးမှုကိုလည်း အထောက်အကူပေးပါတယ်။
အာရုံကြော လုပ်ငန်းစဉ်တွေကို တိုးတက်စေခြင်း
အသက်အရွယ်ရလာတာနဲ့အမျှ သိမြင်မှုလုပ်ငန်းစဉ်တွေကောင်းမွန်စေဖို့ သဘာဝအစားအစာတွေအပေါ်မှီခိုလာကြရပါတယ်။ အာရုံကြောစနစ်ကို တိုးမြှင့်ပေးတဲ့အစားအစာတွေထဲမှာမန်ကျည်းသီးလည်းပါဝင်ပါတယ်။
မန်ကျည်းသီးမှာ အာရုံကြောရဲ့လုပ်ငန်းစဉ်တွေနဲ့ မှတ်ဉာဏ်ကိုတိုးတက်စေတဲ့ သီရာမင် (ဗီတာမင် B6) ကြွယ်ဝစွာပါဝင်ပါတယ်။
ဆီးချိုထိန်းညှိရာမှာ အထောက်အကူပြုနိုင်ခြင်း
အရသာရှိလှတဲ့ မန်ကျည်းသီးက သွေးတွင်း အချိုဓာတ်ကိုထိန်းညှိတာနဲ့စောင့်ကြည့်တာတွေကို အထောက်အကူပြုပါတယ်။ မန်ကျည်းသီးက သကြားဓာတ်နဲ့အဆီဓာတ်တွေ ဖွဲ့စည်းမှုကိုဖြစ်ပေါ်စေနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေးစေနိုင်သလို အင်ဆူလင်ပမာဏကိုလည်းတိုးစေနိုင်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ မန်ကျည်းသီးစားသုံးပေးနိုင်ပါတယ်။
ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးခြင်း
မန်ကျည်းသီးမှာ ဆဲလ်တွေနဲ့ကိုယ်တွင်းအင်္ဂါတွေကို ပြင်ပကဓာတုပစ္စည်းတွေကြောင့်ထိခိုက်မှုမရှိအောင်ကာကွယ်ပေးပြီး ရောဂါတွေအန္တရာယ်ကနေကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် စီတို့ကြွယ်ဝစွာပါဝင်ပါတယ်။မန်ကျည်းသီးမှာ ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိသလို၊ ဘက်တီးရီးယားတွေကိုတိုက်ဖျက်နိုင်တဲ့အစွမ်း၊ရောဂါကာကွယ်နိုင်တဲ့ အစွမ်းတွေလည်းရှိပါတယ်။ ကိုယ်ခံအားစနစ်တိုးတက်အောင်လည်းအထောက်အကူပြုပါတယ်။
သွေးသန့်စေခြင်း
မန်ကျည်းသီးမှာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေ၊ နေ့စဉ်လိုအပ်တဲ့အမျှင်ဓာတ်နဲ့ဗီတာမင် စီတို့ကြွယ်ဝစွာပါဝင်တာကြောင့် သွေးသန့်အောင်လုပ်ဆောင်ပေးပါတယ်။ မန်ကျည်းသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေတာကြောင့် free radicals တွေကိုတိုက်ဖျက်ပေးပြီး သွေးသန့်စေပါတယ်။
နှလုံးကျန်းမာစေခြင်း
မန်ကျည်းသီး ကနှလုံးကိုလည်းကောင်းမွန်စေပါတယ်။
မန်ကျည်းသီးက ကိုလက်စထရောကို ထိထိရောက်ရောက်ထိန်းညှိပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ကိုလက်စရော (LDL) ကိုကျဆင်းစေပြီး အကျိုးပြုကိုလက်စထရော (HDL) ကိုတိုးတက်အောင်လုပ်ဆောင်ပေးပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးပေါင်ချိန်ကိုထိန်းညှိပေးပါတယ်။ ဗီတာမင် စီကြွယ်ဝမှုကလည်းနှလုံးသွေးကြောစနစ်အပေါ်မှာ ဖိအားသက်ရောက်မှုတွေကိုလျော့ကျစေပါတယ်။
ဝက်ခြံကုသနိုင်ခြင်း
မန်ကျည်းသီးမှာ ဗီတာမင် စီ၊ဗီတာမင် အေနဲ့အခြား ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားရောင်ရမ်းတာနဲ့ ဝက်ခြံတွေကို သက်သာစေပါတယ်။
ကိုယ်ဝန်ဆောင်တွေအတွက်မန်ကျည်းသီးက သင့်တော်သလား
မန်ကျည်းသီးက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မအီမသာဖြစ်တာ၊ဝမ်းချုပ်တာနဲ့ (morning sickness) ကိုယ်ဝန်ဆောင်ချိန်မနက်ခင်းပျို့အန်ခြင်းလိုမျိုး ဝေဒနာတွေကိုသက်သာစေပါတယ်။ မန်ကျည်းသီးက အမျှင်ဓာတ်ကြွယ်ဝပြီး အစားစားချင်စိတ်ကိုဖြစ်ပေါ်စေတဲ့အပြင် သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကိုလည်းလှုံ့ဆော်ပေးပါတယ်။မန်ကျည်းသီးက ဝမ်းတွင်းအေးစေတဲ့အာနိသင်ရှိပါတယ်။ မန်ကျည်းသီးကို ဆား၊ငရုတ်ကောင်းတို့နဲ့ရောစပ်စားသုံးပေးမယ်ဆိုရင် မအီမသာဖြစ်တာကိုသက်သာစေပါတယ်။
မစားသုံးခင်မှာဆရာဝန်နဲ့အရင်တိုင်ပင်ပါ။
မန်ကျည်းသီးရဲ့ ဘေးထွက်ဆိုးကျိုးများ
အကောင်းအဆိုးဒွန်တွဲနေတယ်ဆိုတဲ့စကားအတိုင်း မန်ကျည်းသီးကကျန်းမာရေးကို အထောက်အကူပြုတာရှိသလို ဆိုးကျိုးသက်ရောက်တာမျိုးတွေလည်းရှိပါတယ်။ သတိပြုနိုင်စေဖို့ဖော်ပြပေးလိုက်ပါတယ်။
အကိုက်အခဲပျောက်ဆေး၊ibuprofen နဲ့သွေးကျဲဆေးမှီဝဲနေရသူတွေအနေနဲ့ မန်ကျည်းသီးကိုလုံးဝမစားသင့်ပါဘူး။ သွေးယိုစီးမှုဖြစ်နိုင်ခြေကိုတိုးစေနိုင်တာကြောင့် အဆိုပါဆေးဝါးတွေကိုမှီဝဲနေသူတွေအနေနဲ့ မန်ကျည်းသီးလုံးဝမစားသင့်ပါဘူး။
မန်ကျည်းသီးကို အလွန်အကျွံစားသုံးပါက သွေးတွင်းသကြားဓာတ်ကိုကျဆင်းစေပြီး (hypoglycemia ) သွေးတွင်းသကြားဓာတ်လျော့နည်းခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် တစ်နေ့ကို မန်ကျည်းသီး ၁၀ ဂရမ်ထက်ပိုမစားသင့်ပါဘူး။
မန်ကျည်းသီးနဲ့ဓာတ်မတည့်တဲ့သူတွေမှာ အရေပြားမှာအနီအပိန့်တွေထွက်တာ၊ အော့အန်တာမျိုးတွေဖြစ်ပေါ်စေနိုင်တာကြောင့် မန်ကျည်းသီးဓာတ်မတည့်မှုရှိရင် မန်ကျည်းသီးမစားသင့်ပါဘူး။
မန်ကျည်းသီးမှာ အက်ဆစ်ဓာတ်ပါတာကြောင့် အလွန်အကျွံစားသုံးမယ်ဆိုရင် သွားကြွေလွှာကိုပျက်စီးစေနိုင်ပါတယ်။
မန်ကျည်းသီးကို အလွန်အကျွံစားသုံးမယ်ဆိုရင် သည်းခြေကျောက်တည်တာကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
မန်ကျည်းသီးကို မကြာခဏတသွတ်သွတ်စားသုံးတာက အစာချေစနစ်အတွင်းမှာ အက်ဆစ်ပမာဏတွေကိုတိုးစေပြီး အစာအိမ်အချဉ်ပေါက်တာကိုဖြစ်ပေါ်စေပါတယ်။
မန်ကျည်းသီးအလွန်အကျွံစားသုံးမှုက သွေးအားနည်းစေနိုင်သလို သံဓာတ်အားနည်းစေပြီး ခေါင်းကိုက်တာ၊ ညီးစီစီဖြစ်တာမျိုးတွေကို ခံစားရစေပါတယ်။
မန်ကျည်းသီးက သွေးတွင်းသကြားဓာတ်ကိုကျဆင်းစေပြီး သွေးချိုထိန်းညှိမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ဆီးချိုရောဂါရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကိုသေချာစောင့်ကြည့်ပြီးမှသာ စားသုံးပေးသင့်ပါတယ်။
မန်ကျည်းသီးက သွေးတွင်းသကြားဓာတ်ကိုကျဆင်းစေနိုင်ပါတယ်။ ခွဲစိတ်ကုသမှုခံယူနေစဉ်အတွင်းနဲ့ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာ သွေးတွင်းသကြားဓာတ်ကိုကျဆင်းစေနိုင်တာကြောင့် ခွဲစိတ်ကုသမှုခံယူမယ့်သူတွေအနေနဲ့ ခွဲစိတ်ကုသမှုမခံယူခင် နှစ်ပတ်အလိုကတည်းက မန်ကျည်းသီးမစားဘဲနေရမှာဖြစ်ပါတယ်။