ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ရေးသားသူ Dr.Thant Zin

 

နဂါးမောက်ပင်ကို အရှေ့တောင်အာရှနိုင်ငံများအပါအဝင် အပူပိုင်းဒေသနိုင်ငံများမှာ စိုက်ပျိုးကြပါတယ်။ အရသာထူးခြားပြီး ကျန်းမာရေးအတွက် အကျိုးပြုကြောင်း သိရှိလာကြတာနဲ့အမျှ စိုက်ပျိုးစားသုံးမှု ပိုမိုမြင့်တက်လာပါတယ်။ ယခုဆောင်းပါးမှာ နဂါးမောက်သီးရဲ့ အာဟာရတန်ဖိုးများနဲ့ ကျန်းမာရေးအတွက် အကျိုးပြုပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

 

ပါဝင်သော အာဟာရဓာတ်များ

 

နဂါးမောက်ပင်ကို သိပ္ပံအခေါ်အားဖြင့် Hylocereus cactus လို့ ခေါ်ပါတယ်။ Dragon fruit လို့လည်း ခေါ်ပါတယ်။ နဂါးမောက်သီးမှာ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ်စတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ နဂါးမောက်သီး ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့

 

– ကယ်လိုရီ (၆၀)

 

– ပရိုတိန်း (၁.၂ ဂရမ်)

 

– ကာဘိုဟိုက်ဒရိတ် (၁၃ ဂရမ်)

 

– အမျှင်ဓာတ် (၃ ဂရမ်)

 

– ဗီတာမင် C (တနေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း)

 

– သံဓာတ် (တနေ့တာလိုအပ်ချက်၏ ၄ ရာခိုင်နှုန်း)

 

– မဂ္ဂနီဆီယမ် (တနေ့တာလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း)

 

နဂါးမောက်သီးမှာ အမျှင်ဓာတ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှုများပြားပြီး ကယ်လိုရီပါဝင်မှု အတော်လေး နည်းပါတယ်။

 

ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းမျိုးစုံ ပါဝင်ပါတယ်။ နာတာရှည်ရောဂါများနဲ့ အိုမင်းခြင်းကို ပိုမိုတွန်းအားပေးတဲ့ ဖရီးရယ်ဒီကယ်တွေရဲ့ရန်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက လျှော့ချပေးနိုင်ပါတယ်။ နဂါးမောက်သီးမှာတွေ့ရှိရတဲ့ အဓိက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

• ဘီတာလိန်း (Betalains)။ နဂါးမောက်သီးအသားမှာ အဓိကပါဝင်ပြီး ဓာတ်တိုးဖိစီးခြင်းကြောင့် မကောင်းတဲ့ LDL ကိုလက်စထရောမြင့်မားမယ့် အခြေအနေကနေ ကာကွယ်ပေးပါတယ်။

 

• ဟိုက်ဒရိုဆီစင်နမိတ် (Hydroxycinnamates)။ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

 

• ဖလေဗာနွိုက် (Flavonoids)။ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

 

ကျန်းမာရေး အကျိုးပြုပုံ

 

နဂါးမောက်သီးမှာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အတော်လေး အကျိုးပြုပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် အသားအရေ ခြောက်သွေ့ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို တင်းရင်းလှပစေမယ့် ကော်လဂျင်တွေထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

 

သုတေသနတခုအရ ကိုယ်အလေးချိန် လျှော့ချရာမှာ၊ အသည်းမှာရှိတဲ့ အဆီဓာတ်တွေကို လျှော့ချရာမှာ အထောက်အကူပြုပါတယ်။ အင်လူလင် အာရုံခံအားကို ပိုမိုကောင်းမွန်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရာမှာ အထောက်အကူပြုပါတယ်။ ရောင်ရမ်းမှုများကို ကျစေပါတယ်။ ကိုလက်စထရောကို ကျဆင်းစေတာကြောင့် သွေးတိုးရောဂါနဲ့ အခြားနှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။

 

နဂါးမောက်သီးမှာပါဝင်တဲ့ အမျှင်ဓာတ်များဟာ အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေ ပေါက်ပွားသန်စွမ်းဖို့ အားပေးပါတယ်။ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်ခြင်းမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။

 

နဂါးမောက်သီးဟာ နာတာရှည်ရောဂါခံစားနေရသူများ၊ အသားအရေ စိုပြည်လှပလိုသူများ၊ နှလုံးသွေးတိုး ဆီးချိုရောဂါနဲ့ အစာအိမ် အူလမ်းကြောင်းပြဿနာရှိသူများ ရွေးချယ်စားသုံးသင့်တဲ့ အသီးအနှံတမျိုးပဲ ဖြစ်ပါတယ်။