ရန်ကုန် မတ် ၁၈

 

ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသည် ဆေးပညာသင်ကြားရေးဒီပလိုမာ ဘွဲ့လွန်သင်တန်းကို ၂၀၀၂-၂၀၀၃ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ပညာသင်နှစ်အထိ ဆေးပညာသင်ကြားရေး ဒီပလိုမာဘွဲ့ ရရှိသူပညာရှင် စုစုပေါင်း(၆၄၈)ဦးကို မွေးထုတ်နိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

အဆိုပါ သင်တန်းကို ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွယ် တက္ကသိုလ်များနှင့် ဆေးရုံများတွင် ဆေးလက် တွေ့သင်ကြားရေးတာဝန် ထမ်းဆောင်နေသူများအတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

 

၂၀၂၅ ပညာသင်နှစ် ဆေးပညာ သင်ကြားရေး ဒီပလိုမာ (Diploma in Medical Education-Dip.Med.Ed ) ဘွဲ့လွန် သင်တန်း အမှတ်စဉ်(၂၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ပြည်သူ့ ကျန်းမာရေးတက္ကသိုလ်၌ ကျင်းပခဲ့ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ တင်ထွန်းက အမှာစကား ပြောကြားပေးသည်။

 

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ပါမောက္ခ ဒေါက်တာဖေသက်ခင်၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ Module Supervisor များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်များ၊ သင်တန်းသား/ သင်တန်းသူ (၃၆)ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

သင်တန်းတွင် ဆေးတက္ကသိုလ်များနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ Module Supervisor များက သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း အလုပ်ရုံဆွေးနွေးပွဲများနှင့် Assignment များ ပါဝင်မည် ဖြစ်ကာ သင်တန်းအမှတ်စဉ် (၂၀)   ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို မတ် ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)