နေပြည်တော် ဩဂုတ် ၂၂

 

ဆေးရုံ၊ ဆေးခန်းများ ရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန် (Guidelines on WASH in Health Care Facilities) အား အသိပေး မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က လူသားတိုင်း သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေး၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးရည်မှန်းချက် (SDG Goals) များကို ပြည့်မီစေရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan (MSDP) 2018-2030) ၏ ပန်းတိုင်များ ပြည့်မီစေရေး ကျန်းမာရေး ဝန်ကြီးဌာနနှင့် နှီးနွယ်ဝန်ကြီးဌာနများ ပူးပေါင်း၍ ကျေးလက်ဒေသများ၊ ကျောင်းများနှင့် ဆေးရုံ၊ ဆေးပေးခန်းများ ရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆-၂၀၃၀) ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် အဆိုပါမဟာဗျူဟာ ရည်မှန်းချက်များအနက် ဆေးရုံ၊ ဆေးခန်းများ ရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ရည်မှန်းချက်များကို ရရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း။

 

ဆေးရုံ၊ ဆေးခန်းများ ရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်သက်သည့် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ (၂၀၂၀) အရ ဆေးရုံ၊ ဆေးခန်းများစသည့် ကျန်းမာရေးဌာနများ၏ လေးပုံတစ်ပုံသည် လုံလောက်သည့်ရေကို မရရှိသည့်အတွက်ကြောင့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအပါအဝင် ကမ္ဘာ့လူဦးရေ ၁၈ ဘီလီယံခန့်သည် မသန့်ရှင်းသောရေမှတစ်ဆင့် ရောဂါကူးစက်မှု ဖြစ်နိုင်ခြေကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အဆိုပါကျန်းမာရေးဌာနများ၊ ဆေးရုံ၊ ဆေးခန်းများအနက် ၁၀ ရာခိုင်နှုန်းခန့်သည် သန့်ရှင်းရေးနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများကို မရရှိကြောင်း၊ ၎င်းတို့အနက် (၃) ခုတွင် (၁) ခုသည် ကျန်းမာရေးစောင့်ရှောက်မှု ပေးသည့်နေရာတွင် လုံလောက်သည့် လက်သန့်စင်ရာ နေရာများ (hand hygiene stations) မရှိသည်ကို တွေ့ရကြောင်း။

 

သို့ဖြစ်၍ ကျန်းမာရေးဝန်ကြီးဌာန အောက်တွင်ရှိသည့် ဆေးရုံ၊ ဆေးခန်းများ၊ ကျန်းမာရေးဌာနများ အနေဖြင့် ယခုလုပ်ငန်းလမ်းညွှန်နှင့်အညီ လုပ်ငန်းများကို ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနများမှလည်း ယခုလုပ်ငန်း လမ်းညွှန်ပါ လမ်းညွှန်ချက်များအတိုင်း မိမိတို့ ဒေသအလိုက် ဆေးရုံ၊ ဆေးခန်းများ၊ ကျန်းမာရေးဌာနများတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြစေလိုကြောင်း၊ ယင်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍ၊ ဆေးရုံ၊ ဆေးခန်းများတွင်လည်း ယခုလုပ်ငန်းလမ်းညွှန်အတိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရေရရှိရေးအတွက် ကျေးလက်ကျန်းမာရေးဌာနများနှင့် ဌာနခွဲများတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ပေးရန် လိုကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် စည်ပင်သာယာရေး ကော်မတီများမှလည်း ဆက်လက်၍ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲ) ဒေါက်တာကေခိုင်အေးက လုပ်ငန်းလမ်းညွှန်နှင့် ပတ်သက်၍ ခြုံငုံရှင်းလင်း တင်ပြသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးရုံ၊ ဆေးခန်းများ ရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်သက်၍ ခင်းကျင်းပြသထားသော ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်