နေပြည်တော် စက်တင်ဘာ ၃

 

ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဗဟိုအဆင့် ဆရာဖြစ်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 

အဆိုပါ အစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မှူးများနှင့် တပ်ရင်းမှူးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများ၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲမှ တာဝန်ရှိသူများ၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်များ၊ EPI Focal များ၊ WHO၊ UNICEF၊ CHAI အဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေးလုပ်ငန်းကိုလည်း အခြေစိုက်ကာကွယ်ဆေးထိုး စုရပ် (Fixed post) အနေဖြင့် ၂၀၁၆ ခုနှစ် မေလမှစတင်၍ ဆေးရုံ ၈၅ ရုံတွင် ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် ဆေးရုံ ၄၉ ရုံ၌ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် တပ်မတော်ဆေးရုံ လေးရုံအပါအဝင် ဆေးရုံ ၈၂ ရုံတွင် ထိုးနှံနိုင်မည်ဟု သိရှိရကြောင်း၊ အဆိုပါဆေးရုံများတွင် ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေး ထိုးလုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းလမ်းညွှန် သင်တန်းများ ဆောင်ရွက်ရန်အတွက် ဆေးရုံအုပ်ကြီးများနှင့် ညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် သင်တန်းပေးခြင်းများကိုလည်း စနစ်တကျဆက်လက် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

 

ဆေးရုံအခြေပြု ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဗဟိုအဆင့် ဆရာဖြစ်သင်တန်းကို စက်တင်ဘာ ၄ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်