ဆေးရုံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားသင့်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု

ဒေါက်တာညွန့်ရွှေအောင် (ညောင်ဦး)

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဒေသအချို့တွင်မိုးကြီးခြင်း၊ ရေကြီးရေလျှံခြင်းနှင့် တောင်ပြိုခြင်းတို့ ဖြစ်ပွားနေသည်ကို ကြားသိနေရပါသည်။ ရေကြီးရေလျှံ ဖြစ်ပွားသည့်နေရာများတွင် ဆေးရုံ၊ စာသင်ကျောင်းများ ပါဝင်သည်ကိုလည်း သိရှိရပါသည်။ သို့ဖြစ်၍ စာရေးသူအနေဖြင့် ဆေးရုံအုပ်ချုပ်မှုပညာ ဒီပလိုမာသင်တန်း တက်ရောက်ခဲ့စဉ်က သင်ယူခဲ့ရသော “Principles of Hospital Administration and Planning (2ndEdition)(2009)” စာအုပ်ထဲမှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု (Disaster Management)

အကြောင်းအရာကို ထုတ်နုတ်၍ ဘာသာပြန်ဆိုဖော်ပြလိုက်ရပါသည်။ ယခုကဲ့သို့ ရေးသားရခြင်းရည်ရွယ်ချက်မှာ (၂၅) ခုတင်မှ ခုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများအနေဖြင့် မိမိတို့၏ဒေသတွင် ဘေးအန္တရာယ် ဖြစ်ပွားလာပါက မည်ကဲ့သို့ကြိုတင်ပြင်ဆင်ထားသင့်သည်ကို ကိုးကားနိုင်ရန်ဖြစ်ပါသည်။ ထို့အပြင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေထားသော ဆေးရုံစီမံခန့်ခွဲမှု လက်စွဲစာအုပ်နှင့် ထုတ်ပြန်ကြေညာချက်များကိုလည်း ဖတ်ရှုလိုက်နာရပါမည်။

ဘေးအန္တရာယ်ဆိုသည်မှာ

လူမှုအဖွဲ့အစည်း (သို့မဟုတ်) ဒေသတစ်ခုတွင် ပြင်ပ အကူအညီလိုအပ်သော ပျက်စီးဆုံးရှုံးမှု၊ စီးပွားရေးထိခိုက်မှု၊ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုနှင့် ကျန်းမာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ယိုယွင်းလာမှုတို့ဖြစ်စေသောဖြစ်ရပ်ကို ဘေးအန္တရာယ်ဟူ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

ဘေးအန္တရာယ် အမျိုးအစားများ

ဘေးအန္တရာယ်များကို သဘာဝဘေးအန္တရာယ်၊ လူသားကြောင့်ဖြစ်သော ဘေးအန္တရာယ်၊ နာရီပိုင်းသာကြာသော ဘေးအန္တရာယ်၊ လပိုင်းသာကြာသော ဘေးအန္တရာယ်၊ ရေရှည်ကြာသော ဘေးအန္တရာယ်ဟူ၍ ခွဲခြားထားပါသည်။

 သဘာဝဘေးအန္တရာယ်များမှာ ဆိုင်ကလုန်း မုန်တိုင်း၊ ဟာရီကိန်းမုန်တိုင်း၊ ရေကြီးရေလျှံခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မိုးခေါင်ခြောက်သွေ့ခြင်း၊ အစာရေစာခေါင်းပါးခြင်း စသည်တို့ဖြစ်ပါသည်။

လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှာ မီးလောင်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ စစ်ပွဲများ၊ အဏုမြူ ဗုံးကြဲခြင်း စသည်တို့ဖြစ်ပါသည်။

မြေငလျင်လှုပ်ခြင်း၊ မီးလောင်ခြင်း၊ ဆိုင်ကလုန်းနှင့် ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခြင်းတို့သည် စက္ကန့်အနည်းငယ်မှ နာရီပိုင်းအထိသာ ကြာမြင့်ပါသည်။ မိုးခေါင်ခြောက်သွေ့ခြင်းသည် ရေရှည်ကြာသော ဘေးအန္တရာယ်ဖြစ်ပါသည်။

ဘေးအန္တရာယ်ကြောင့် ထိခိုက်သောအရာများ

ဘေးအန္တရာယ်ကျရောက်သော အရပ်ဒေသများ တွင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း၊ ကပ်ရောဂါအသွင် ဆောင်လာခြင်းနှင့် ဒေသအလိုက် ဖြစ်ပွားတတ်သောရောဂါများ ခေါင်းထောင်လာခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။

ဘေးအန္တရာယ်၏အဆင့်များ

ယေဘုယျအားဖြင့် ဘေးအန္တရာယ်များတွင် အဆင့်များရှိပါသည်။ ယင်းတို့မှာ ဘေးအန္တရာယ် မဖြစ်မီအဆင့်၊ သတိပေးသောအဆင့်၊ ဘေးအန္တရာယ်ဖြစ်ပွားနေသောအဆင့်၊ ဘေးအန္တရာယ်ဖြစ်ပွားပြီး အဆင့်၊ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး အဆင့်ဟူ၍ရှိပါသည်။ ယင်းတို့အနက် ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး အဆင့်သည် အချိန်ယူရသော အဆင့်ဖြစ်ပါသည်။

ဘေးအန္တရာယ်ဖြစ်ပွားသည့်နေရာတွင် လူနာများအား ဒဏ်ရာပြင်းထန်မှုအဆင့်ခွဲခြားခြင်း

ဘေးအန္တရာယ်ဖြစ်ပွားသည့်နေရာတွင် လူနာများအား ပုံမှန်ကုသမှုကဲ့သို့မဟုတ်ဘဲ ဒဏ်ရာ ပြင်းထန်မှုအဆင့် ခွဲခြားရပါသည်။ ဤသည်ကို Triage (To sort out)  ဟုခေါ်ပါသည်။ Triage ဟူသော စကားလုံးမှာ ပြင်သစ်ဘာသာမှ ဆင်းသက်လာပါသည်။ Triage တွင် အဆင့်လေးဆင့်ခွဲခြားထားပါသည်။

ချက်ချင်းဆေးကုသမှုလိုအပ်သော လူနာများကိုအဆင့်(၁) အုပ်စုအဖြစ် သတ်မှတ်ထားပါသည်။ ယင်း အုပ်စုသည် လူနာများအနက် ၂၀ ရာခိုင်နှုန်းရှိသော အုပ်စုဖြစ်ပါသည်။ အဆင့် (၁) အုပ်စုတွင်ပါဝင်သော လူနာများမှာ သွေးအလွန်အမင်းထွက်ခြင်း၊ အသက်ရှူလမ်း ကြောင်းပိတ်ဆို့ခြင်း၊ အဆုတ်ထဲတွင်လေဝင်ခြင်း၊ အဆုတ်ထဲတွင်သွေးဝင်ခြင်း၊ ခန္ဓာကိုယ်မှ သွေးနှင့်အရည်များ ဆုံးရှုံးမှုကြောင့် သွေးလန့်ခြင်း၊ ခြေလက်များတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခြင်း၊ မျက်နှာနှင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းတွင် အပူလောင်ခြင်း စသည်တို့ဖြစ်ပါသည်။

ခြောက်နာရီမှ ရှစ်နာရီအတွင်း ခွဲစိတ်ကုသမှုလိုအပ်သော လူနာများကို အဆင့်(၂) အုပ်စုအဖြစ် သတ်မှတ်ထားပါသည်။ ယင်းအုပ်စုသည် လူနာများအနက် ၄၀ ရာခိုင်နှုန်းရှိပါသည်။ အဆင့် (၂) အုပ်စုတွင်ပါဝင်သော လူနာများမှာ အရိုးကျိုးသောလူနာများ၊ အဆစ်လွဲသော လူနာများ၊ ဝမ်းဗိုက်နှင့်ရင်ဘတ်တွင် ဒဏ်ရာရသော လူနာများ၊ ဆီးလမ်းကြောင်း၊ မျိုးပွားလမ်းကြောင်း၊ ဦးခေါင်းနှင့် ဦးနှောက်တို့တွင် ဒဏ်ရာရသောလူနာများ၊ ခန္ဓာကိုယ်၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ အပူလောင်သည့်လူနာများ စသည်တို့ဖြစ်ပါသည်။ ဤနေရာ တွင် အဆင့်(၂) အုပ်စုတွင်ပါဝင်သော လူနာအချို့သည်အဆင့်(၁) အုပ်စုသို့ ကူးပြောင်းသွားနိုင်သလို အဆင့် (၁) အုပ်စုတွင်ပါဝင်သော လူနာအချို့သည် အဆင့် (၂) အုပ်စုသို့ ကူးပြောင်းသွားနိုင်ပါသည်။

ဆေးကုသမှုအနည်းဆုံးလိုအပ်သော လူနာများကိုအဆင့် (၃) အုပ်စုလူနာများဟူ၍ သတ်မှတ်ထားပါသည်။ ယင်းအုပ်စုသည် လူနာများအနက် ၄၀ ရာခိုင်နှုန်းရှိပါသည်။ အဆင့် (၃) အုပ်စုတွင်ပါဝင်သော လူနာများမှာ ဒဏ်ရာအသေးစားရရှိသော လူနာများ၊ သေးသောအရိုးများ ကျိုးသောလူနာများ၊ ခန္ဓာကိုယ်၏ ၂၀ ရာခိုင်နှုန်းအောက် အပူလောင်သော လူနာများ စသည်တို့ဖြစ်ပါသည်။

သေဆုံးသောလူနာများနှင့် အသက်ရှင်ရန်အခွင့်အလမ်းမရှိသော လူနာများကိုအဆင့် (၄) အုပ်စုအဖြစ် သတ်မှတ်ထားပါသည်။ ဤကဲ့သို့ လူနာအဆင့်ခွဲခြားခြင်းသည် အရေးအကြီးဆုံးနှင့် အခက်ခဲဆုံး အပိုင်းဖြစ်ပါသည်။ ဤကဲ့သို့ လူနာအဆင့်ခွဲခြားရာတွင် သတ်မှတ်ထားသော ရောဂါ အမည်သည် နောက်ဆုံးမဟုတ်ပေ။ ဘေးအန္တရာယ် ဖြစ်ပွားသည့်ရောဂါမှ ဆေးရုံဆီသို့ သယ်ဆောင်ရာ လမ်း တစ်လျှောက်တွင် လူနာအခြေအနေအား အမြဲတမ်း ဆန်းစစ်နေရပါမည်။ တစ်ခါတစ်ရံ မျှော်လင့်ချက်မရှိသော လူနာသည် ပြန်ကောင်းနိုင်သလို အရေးပေါ်ကုသထားသော လူနာသည်လည်း သေလုမြောပါး အခြေအနေသို့ဖြစ်သွားနိုင်ပါသည်။

ဒဏ်ရာပြင်းထန်မှုအဆင့် ခွဲခြားခြင်းကတ်ပြား

ဒဏ်ရာပြင်းထန်မှုအဆင့် ခွဲခြားခြင်းကတ်ပြားတွင် လူနာ၏အချက်အလက်များ (ဥပမာ- အမည်၊ အသက်၊ လိင်)၊ ဒဏ်ရာများနှင့် ကုသမှုတို့ပါဝင်ရပါမည်။ အဆင့်(၁) အုပ်စုလူနာများကို အနီရောင်ကတ်ပြား၊ အဆင့် (၂) အုပ်စုလူနာများကို အဝါရောင်ကတ်ပြား၊ အဆင့် (၃) အုပ်စုလူနာများကို အစိမ်းရောင်ကတ်ပြားနှင့် သေဆုံးလူနာများကို အနက်ရောင်ကတ်ပြားတို့ကို အသုံးပြုရပါမည်။

ဒဏ်ရာရပြီးလမ်းလျှောက်နိုင်သော လူနာများကို အစိမ်းရောင်ကတ်ပြား တပ်ဆင်ရပါမည်။ ဘေးအန္တရာယ် ဖြစ်ပွားသောနေရာမှ ဆေးရုံသို့ အရေးပေါ် လူနာတင်ယာဉ်ဖြင့် သယ်ယူရာတွင် နီ၊ ဝါ၊ စိမ်းနှင့် အနက်ဟူ၍ အစီအစဉ်အတိုင်း သယ်ဆောင်ရပါမည်။

ဆေးရုံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားသင့်သော ဘေးအန္တရာယ်များ

ဆေးရုံများသည် ဘေးအန္တရာယ်အမျိုးအစား သုံးမျိုးအတွက် ကြိုတင်ပြင်ဆင်ထားရပါမည်။ ယင်းတို့မှာ ဆေးရုံအတွင်း ဖြစ်ပွားသော ဘေးအန္တရာယ် (ဥပမာ - ဆေးရုံအတွင်းမီးလောင်ခြင်း၊ ဂက်စ်အိုးပေါက်ကွဲခြင်း)၊ ဆေးရုံပြင်ပဖြစ်ပွားသော ဘေးအန္တရာယ် (ဥပမာ- ဟာရီကိန်း၊ ရေကြီးရေလျှံခြင်း၊ မြေငလျင်လှုပ်ခြင်း) နှင့် ကြိုတင်သတိပေးသော ဘေးအန္တရာယ် (ဥပမာ- အခြား ဆေးရုံမှ လူနာများ ပြောင်းရွှေ့လာမှုကို လက်ခံကုသပေးခြင်း) တို့ဖြစ်ပါသည်။

ပူးပေါင်းဆောင်ရွက် ဘေးအန္တရာယ်အတွက်

ဆေးရုံများအနေဖြင့် ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရာတွင်ဖြစ်စေ၊ တုံ့ပြန်ဆောင်ရွက်ရာ တွင်ဖြစ်စေ၊ ပြန်လည်ထူထောင်ရာတွင်ဖြစ်စေ၊ အခြားသော ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ တပ်မတော်၊ ကြက်ခြေနီ၊ လူမှုကူညီရေးအဖွဲ့များ၊ ပြည်သူလူထုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရပါမည်။

ဆေးရုံအဆင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံချက်

ဆေးရုံများအနေဖြင့် အစုလိုက်အပြုံလိုက် ထိခိုက်မှုများ၊ သေဆုံးမှုများနှင့် ဘေးအန္တရာယ် ဖြစ်ပွားမှုတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံချက်ရှိရပါမည်။ ဆေးရုံအဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံချက်ကို အနည်းဆုံးတစ်နှစ်လျှင် နှစ်ကြိမ် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားရပါမည်။ ကြိုတင်ဇာတ်တိုက်လေ့ကျင့်ရင်း ရရှိလာသည့် အတွေ့အကြုံများအပေါ် မူတည်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံချက်အား ပြုပြင်ခြင်း၊ မွမ်းမံခြင်းတို့ ပြုလုပ်ရပါမည်။

ဆေးရုံအဆင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံချက်ရေးဆွဲရာတွင် အောက်ပါအချက်အလက်များ ပါဝင်သင့်ပါသည်။

(၁) ဘေးအန္တရာယ်ဖြစ်ပွားသည့် နေရာတွင်ညွှန်ကြားသူ သတ်မှတ်ထားရှိခြင်း၊

(၂) ဘေးအန္တရာယ်ဖြစ်ပွားနေကြောင်း သတိပေးနှိုးဆော်ခြင်း၊

(၃) ဒဏ်ရာပြင်းထန်မှု အမျိုးအစားခွဲခြားခြင်း၊

(၄) သယ်ယူပို့ဆောင်ရေးအတွက် စီစဉ်ခြင်း၊

(၅) လူနာများအား လက်ခံမည့်နေရာ သတ်မှတ်ခြင်း၊

(၆) လူနာများအား ကုသမှုပေးရန်စီစဉ်ခြင်း၊

(၇) ဆေးရုံတွင် ဆက်လက်ကုသမှုပေးမည့် လူနာများနှင့် အခြားဆေးရုံသို့ လွှဲပြောင်းသည့် လူနာအမျိုးအစား သတ်မှတ်ခြင်း၊

(၈) သေဆုံးသူများအတွက်ပြင်ဆင်ခြင်း၊

(၉) ဆက်သွယ်ရေးစနစ်ပြင်ဆင်ခြင်း၊

(၁၀) ဆေးသိုလှောင်ဌာနနှင့် ပစ္စည်းသိုလှောင်ဌာနများအားပြင်ဆင်ခြင်း၊

(၁၁) လျှပ်စစ်မီးမရရှိလျှင် မီးစက်ထားရန်၊ လောင်စာ ကြိုတင်သိုလှောင်ရန်၊ သောက်သုံးရေ ကြိုတင်စုဆောင်းရန်၊ မီးသတ်ဆေးဘူးများ ကိုစစ်ဆေးရန်၊ မီးသတ်ဆေးဘူးများ အသုံး ပြုရန်အတွက် ကြိုတင်လေ့ကျင့်ထားရန်၊ ဆေးရုံစွန့်ပစ်ပစ္စည်းများအား စွန့်ပစ်နိုင်မည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန်၊ သန့်ရှင်းရေးသုံးပစ္စည်းများ ကြိုတင်စုဆောင်းရန်၊

(၁၂) လူနာကုသဆောင်၊ ခွဲစိတ်ခန်းမ၊ ဓာတ်မှန်ဌာန၊ အထူးကြပ်မတ်ကုသဌာနများသို့ သွားရောက်နိုင်မည့် လမ်းညွှန်မြေပုံထားရန်၊

(၁၃) ဆေးရုံဝန်ထမ်းများအား ကူညီပေးမည့်သူများအား ကြိုတင်စုဖွဲ့ထားရန်နှင့် ဇာတ်တိုက်လေ့ကျင့်ထားရန်၊

(၁၄) သတင်းအချက်အလက် ထုတ်ပြန်ရေးအတွက် သတင်းထုတ်ပြန်သည့်စနစ်နှင့် သတင်းထုတ်ပြန်မည့်သူ  သတ်မှတ်ထားရန်၊

ဆေးရုံအဆင့်ဘေးအန္တရာယ်ဆိုင်ရာကော်မတီ

ဆေးရုံအဆင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံချက်တွင် ဆေးရုံအဆင့် ဘေးအန္တရာယ်ဆိုင်ရာ ကော်မတီဖွဲ့စည်းရပါမည်။ ထိုကော်မတီတွင် ဆေးရုံအုပ်ကြီး၊ အုပ်ချုပ်ရေးအရာရှိ၊ ဆေးရုံရှိဌာနများမှ အကြီးအကဲများ၊ သူနာပြုအုပ်၊ မော်တော်ယာဉ်၊ ထောက်ပံ့ရေး၊ လုံခြုံရေးနှင့် ဆက်သွယ်ရေးဌာနတို့မှ အကြီးအကဲများ ပါဝင်ရပါမည်။

ဆေးရုံအဆင့်ဘေးအန္တရာယ်ဆိုင်ရာကော်မတီ၏ အဓိကတာဝန်မှာ ဆေးရုံ၏အခြေအနေအား ဆန်းစစ်လေ့လာခြင်း၊ ဆေးရုံ၏အားသာချက်၊ အားနည်းချက်၊ လုပ်နိုင်စွမ်းအားနှင့် အရင်းအမြစ်များအား ဆန်းစစ်လေ့လာခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံချက်ရေးဆွဲ၍ ကြိုတင်ပြင်ဆင်ခြင်းတို့ဖြစ်ပါသည်။

ဆေးရုံအဆင့်ဘေးအန္တရာယ်ဆိုင်ရာ ကော်မတီ၏ဌာနချုပ်ကို အုပ်ချုပ်မှုဆောင်၊ လူနာလက်ခံကုသသည့် နေရာတို့နှင့် နီးစပ်သည့်နေရာတွင် ထားရှိရပါမည်။

ဘေးအန္တရာယ်ဖြစ်ပွားနေကြောင်း သတိပေးချက်ထုတ်ပြန်ခြင်း

ဘေးအန္တရာယ်ဖြစ်ပွားနေကြောင်း သတိပေးချက်ထုတ်ပြန်ရာတွင် တယ်လီဖုန်းမှတစ်ဆင့် သတိပေးစာပေးပို့ခြင်း၊ သတိပေးစာတွင် လိုရင်းတိုရှင်းရေးသားခြင်း၊ ဆေးရုံဌာနအသီးသီမှ အကြီးအကဲများထံသို့ သတိပေးစာပေးပို့ခြင်း၊ သတိပေးစာကို ဖြန့်ဝေပေးမည့်သူသတ်မှတ်ခြင်း၊ သတိပေးစာရရှိသည်နှင့် ဌာနအသီးသီးမှ ကြိုတင်ပြင်ဆင်ထားရှိခြင်းနှင့် တယ်လီဖုန်းကို အချိန်တိုင်းဖွင့်ထားခြင်းတို့ လုပ်ဆောင်ရပါမည်။ ဘေးအန္တရာယ်ဖြစ်ပွားနေကြောင်း သတိပေးချက်ကို ထုတ်ပြန်ပေးမည့်သူမှာ ဆေးရုံအုပ်ကြီးဖြစ်ရပါမည်။

နိဂုံး

ယနေ့အချိန်အခါတွင် ဘေးအန္တရာယ်ဖြစ်ပွားမှုများသည် မကြာခဏကြုံတွေ့နေရပါသည်။ သို့ဖြစ်၍ မိမိတို့၏ဒေသတွင် ဖြစ်ပွားခဲ့သော၊ ဖြစ်ပွားတတ်သော၊ ဖြစ်ပွားနိုင်သော ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင် ဇာတ်တိုက်လေ့ကျင့်ထားသင့်ပါသည်။ သို့မှသာ ဘေးအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးမှုများ နှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို လျှော့ချနိုင်မည်ဖြစ်ပါသည်။

ကျမ်းကိုး

(၁) Principles of Hospital Administration & Plan-ning (2nd Edition) (2009)

(၂) Lecture Notes on PSM (UMMdy)

 

ကြေးမုံ