နေပြည်တော် ၉ ဇွန်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် သုတေသနပြုလုပ်ဆောင်ရွက်သည့် အလေ့အကျင့်ကောင်း နှင့် သုတေသနယဉ်ကျေးမှု ပိုမိုထွန်းကားလာပြီး ကျန်းမာရေးပြဿနာများ၊ ကုထုံးများ၊ ဆေးပညာ သင်ကြားမှု၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများ၊ မူဝါဒရေးရာများကို တိကျသေချာသော အချက်အလက်များနှင့် သုတေသနတွေ့ရှိချက်များအပေါ်အခြေခံ၍ ပိုမိုကောင်းမွန်သော ဖြေရှင်းဆောင်ရွက်ချက်များနှင့် လိုအပ်သလို မွမ်းမံပြင်ဆင်ဆောင်ရွက်နိုင်ရန် ရည်မှန်း၍ (၂၀၁၇) ခုနှစ်၊ ဧပြီလမှ (၂၀၁၉-၂၀၂၀)ခု ဘဏ္ဍာရေးနှစ်အထိ သုတေသနပြုလုပ်ရန် ရန်ပုံငွေ ကျပ်သန်းပေါင်း (၆,၀၀၀) ခွင့်ပြုချထားပေးခဲ့ပါသည်။
ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) တွင် (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၌ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာန (research capacity strengthening training center) ကို ဖွင့်လှစ်ခဲ့ပြီး သုတေသနစွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းအမျိုးမျိုးအား ပိုမိုပြုလုပ်ခဲ့ပါသည်။
COVID-19 ကူးစက်ဖြစ်ပွားမှုများကြောင့် အဆိုပါသင်တန်းများကို ယာယီရပ်ဆိုင်းထားခဲ့ရာမှ ယခုနှစ် ဇွန်လမှ စတင်၍ သင်တန်းများအား ပြန်လည်ဖွင့်လှစ်ဆောင်ရွက်တော့မည်ဖြစ်ပါသည်။
ယခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ ပြုလုပ်သွားရန်လျာထားသည့် သုတေသနစွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းများအား ပူးတွဲပါ ဇယားတွင် ဖော်ပြအပ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနအနေဖြင့် အလားတူသုတေသန စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများအား စက်တင်ဘာလနောက်ပိုင်းတွင်လည်း ဆက်လက်ပြုလုပ်သွားရန် စီစဉ်ထားရှိပါသည်။
Crd, Ministry of Health and Sports, Myanmar


